မက်မန်း နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ဒေသဝမ်းစာဖူလုံရေးအတွက် နတ်နန်းချောင်းတစ်လျှောက် ကုန်မြင့်လယ်ယာများဖော်ထုတ်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သည် ယမန်နေ့က သွားရောက်ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ထို့သို့ ကွင်းဆင်းရာတွင် မက်မန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းလင်းအောင် ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက နတ်နန်းချောင်းတစ်လျှောက် ကုန်မြင့်လယ်ယာမြေဖော်ထုတ်နိုင်ရေးအတွက် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။ မက်မန်းမြို့နယ်တွင် ဒေသဝမ်းစာဖူလုံရေးအတွက် နှစ်စဉ် တောင်ယာစပါးနှင့် လယ်စပါးများကိုသာ စိုက်ပျိုးလျက်ရှိသည်။ “မက်မန်းမြို့နယ်တွင် မြေလွတ်မြေရိုင်းများပေါများ၍ ကုန်းမြင့်လယ်ယာမြေများဖော်ထုတ်ကာ စပါးများစိုက်ပျိုးပါက ဒေသဝမ်းစာဖူလုံနိုင်မည်ဖြစ်ပြီး နိုင်ငံအတွင်း၌ ပြန်လည်ရောင်းချနိုင်မည်ဖြစ်သဖြင့် ကုန်မြင့်လယ်ယာမြေများ ဖော်ထုတ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း” မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)