ကျောက်ပန်းတောင်း၊ အောက်တိုဘာ ၂၄
မန္တလေးတိုငးဒေသကြီး၊ ကျောက်ပန်းတောင်းမြို့တွင် (C) အဆင့်ရှိသည့် ယစ်မျိုးလိုင်စင်များအား လိုင်စင် စည်းကမ်းနှင့်အညီ ရောင်းချခြင်း ရှိ/မရှိနှင့် ယစ်မျိုးဝင်ပစ္စည်းများတွင် အခွန်တံဆိပ်ခေါင်း ကပ်နှိပ်ရောင်းချခြင်း ရှိ/မရှိတို့ကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ကျောက်ပန်းတောင်းမြို့နယ် တရားမဝင် ယစ်မျိုးဆိုင်ရာ တားဆီးနှိမ်နင်းရေးအဖွဲ့(Task Force)အဖွဲ့မှ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
အဆိုပါ တရားမဝင်ယစ်မျိုးဆိုင်ရာ တားဆီးနှိမ်နင်းရေးအဖွဲ့ (Task Force) အဖွဲ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်မြတ် ဦးဆောင်၍ ဒုတိယဦးစီးမှူး ဦးခိုင်မင်းထွန်း၊ မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးချမ်းငြိမ်း၊ မြို့နယ်အခွန်ဦးစီးဌာန ဦးစီးမှူးနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများ လိုက်ပါလျက် ကျောက်ပန်းတောင်းမြို့ပေါ်ရှိ ယစ်မျိုးဆိုင်ရာပစ္စည်းများ လက်လီ/လက်ကားအရောင်းဆိုင်(၈) ဆိုင်ကို ယစ်မျိုးလိုင်စင်စီနှင့် အကျုံးဝင်သော ပစ္စည်းများထက် ပိုမိုတင်ဆောင်ရောင်းချခြင်း ရှိ/မရှိနှင့် လိုင်စင်သက်တမ်းတိုး ဆောင်ရွက် ထားခြင်း ရှိ/မရှိ တို့ကိုလည်းကောင်း၊ ရောင်းချသည့် ယစ်မျိုးဝင် ပစ္စည်းများတွင် သတ်မှတ်အခွန်တံဆိပ်ခေါင်းကပ် နှိပ်ရောင်းချခြင်းရှိ/မရှိတို့ကို ဝင်ရောက်စစ်ဆေးခဲ့ကြပြီး သတ်မှတ်လိုင်စင်စည်းကမ်းများနှင့်အညီ ရောင်းချရေးနှင့် ယစ်မျိုးဝင် ပစ္စည်းများတွင် အခွန်တံဆိပ်ခေါင်း မပါဘဲ ရောင်းချခြင်းမပြုရန် ပညာပေးဆွေးနွေးခဲ့ကြကြောင်းသိရသည်။
နေအောင်(ပြန်/ဆက်)