တပ်ကုန်း နိုဝင်ဘာ ၂၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန်ပိုမိုဖွံ့ဖြိုးရေးအတွက် ညောင်လွန့်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းအခမ်းအနားကို နိုဝင်ဘာ ၂၃ရက် မွန်းလွဲ ၁နာရီခွဲက အဆိုပါကျောင်း စာသင်ဆောင်တွင် ကျင်းပခဲ့သည်။
အဆိုပါ စကားဝိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင် (၂) ဒေါက်တာခင်မောင်ထွန်းက အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး၊ ဗလငါးတန်နှင့်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်း ဆက်လက်ကျင်းပခဲ့ရာ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်ပြီး၊ ညောင်လွန့်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ မောင်သူရအောင် (Grade-11)၊ မအိဖြိုးသက် (Grade-11)၊ မောင်ရွှေပြည့်စုံထွန်း (Grade-11)၊ မအိတာ (Grade-11)တို့က လူငယ်နှင့်အနာဂတ်၊ လူငယ်နှင့်မူးယစ်ဆေးဝါး၊ လူငယ်နှင့်စည်းကမ်း၊ လူငယ်နှင့်ယဉ်ကျေးမှု ခေါင်းစဉ်တို့ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းခဲ့ကြရာ စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်သော ဦးစီးအရာရှိနှင့် ဦးဆောင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီးနောက် ဦးဆောင်ဆွေးနွေးသည့် ကျောင်းသား၊ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင် (၂) ဒေါက်တာခင်မောင်ထွန်းနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်လွှာများ ပေးအပ်ချီးမြှင့်ခဲ့ပြီး၊ ညောင်လွန့်ကျေးရွာ အခြခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးမြင့်ဆောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတရသစာအုပ်များနှင့် မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်၊ ကလေးများအတွက် အသိပညာပေးနံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများ လေ့လာကြည့်ရှုကြောင်း သိရသည်။
တင်စိုးလွင်