မိတ္ထီလာ၊ အောက်တိုဘာလ ၂၄
မန္တလေးတိုင်းဒေသကြီး ၊ မိတ္ထီလာမြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်အတွင်းရှိ ကျေးရွာအားလုံး ရာနှုန်းပြည့် လျှပ်စစ်မီးလင်းတော့မည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ သိရ သည်။
မိတ္ထီလာမြို့နယ်တွင် ကျေးရွာအုပ်စု ၅၈ အုပ်စု၊ ကျေးရွာ ၃၈၀ ရွာရှိသည့်အနက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာမီးလင်းရေးလုပ်ငန်းကို ကျေးရွာ ၁၃၆ ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ မြို့နယ်အတွင်း ကျေးရွာ ၁၃၆ ရွာ ဆောင်ရွက်ရာတွင် အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေးစီမံကိန်း(NEP)စနစ်ဖြင့် ကျေးရွာ ၂၈ ရွာ၊ Public Finance Initiatives (PFI) စနစ်ဖြင့် ကျေးရွာ (၈၆)ရွာ၊ တိုင်းဒေသကြီးဘတ်ဂျတ်ဖြင့် ကျေးရွာ (၁)ရွာနှင့် တိုင်းဒေသကြီး အထွေထွေပိုလျှံရန်ပုံငွေ GRF (General Reverse Fund)ဖြင့် ကျေးရွာ ၂၁ ရွာကို ဆောင်ရွက်လျက်ရှိရာ ကျေးရွာ ၇၁ ရွာ လျှပ်စစ်မီးလင်းနိုင်ခဲ့ပြီးဖြစ်ပြီး လျှပ်စစ်မီးလင်းရန် ကျန်ရှိသော ကျေးရွာ (၆၅)ရွာတွင်လည်း 11KV ဓာတ်လိုင်းတည်ဆောက်ခြင်း ၊ 11/0.4 KV ထရန်စဖော်မာ တပ်ဆင်တည်ဆောက်ခြင်းလုပ်ငန်းများ ပြီးစီးပြီဖြစ်၍ ကျေးရွာတွင် ၄၀၀ ဗို့ဓာတ်အားလိုင်းများ တည်ဆောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ၎င်းကျေးရွာတွင်း လိုင်းများ တည်ဆောက်ခြင်းလုပ်ငန်းမှာလည်း (၉၀)ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်၍ အဆိုပါ ကျေးရွာ (၆၅)ရွာတွင်လည်း လျှပ်စစ်မီးလင်းနိုင်တော့မည်ဖြစ်သည်။
ဆက်လက်၍ မိတ္ထီလာမြို့နယ်တွင် ကျေးရွာ ၃၈၀ ရှိသည့်အနက် ယနေ့အချိန်အထိ ကျေးရွာ (၂၇၇) ရွာ လျှပ်စစ်မီးလင်းနိုင်ပြီဖြစ်ပြီးရာ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်ကုန်တွင် ကျေးရွာပေါင်း ၃၄၂ ရွာ မီးလင်း နိုင်မည်ဖြစ်သည့်အပြင် မြို့နယ်အတွင်းရှိ လျှပ်စစ်မီးလင်းနိုင်ရန် ကျန်ရှိသော ကျေးရွာ (၃၈)ရွာကိုလည်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရရန်ပုံငွေဖြင့် ကျေးရွာ ၂၄ ရွာနှင့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း(NEP)စနစ်ဖြင့် ကျေးရွာ(၁၄)ရွာတို့ကို ဆောင်ရွက်သွားမည်ဖြစ်ရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အကုန်တွင် မြို့နယ်အတွင်းရှိ ကျေးရွာအားလုံး(၁၀၀) ရာခိုင်နှုန်း လျှပ်စစ်မီးလင်းနိုင် တော့မည်ဖြစ်ကြောင်း မိတ္ထီလာမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ လက်ထောက်မန်နေဂျာ ဦးသန်းလှိုင် (အင်ဂျင်နီယာ)က ပြောပြ၍ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)