မော်လမြိုင် နိုဝင်ဘာ ၂၃
မွန်ပြည်နယ်သမဝါယမအသင်းစုချုပ်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်သမဝါယမအသင်းစုချုပ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် ပြည်နယ်သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ ဦးစိုးတင့်မှ သဘာပတိအဖြစ်ဆောင်ရွက်၍ အမှာစကားပြောကြားပြီး ပြည်နယ်သမဝါယဦးစီးဌာန ညွှန်ကြားရေးမှူးဒေါ်ခင်မာအေးက ပြည်နယ်အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားရန်ပုံငွေမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစားကုန်ထုတ်လုပ်မှု လုပ်ငန်းများအတွက် မြို့နယ် (၈) မြို့နယ်မှ သမဝါယမအသင်း (၃၆) သင်း၊ မတည်ထောက်ပံ့ငွေ ကျပ် (၁၅၄၀.၆) သန်းကို အတိုးနှုန်း သက်သာစွာဖြင့် ပံ့ပိုးပေးနိုင်ခဲ့ပြီး၊ ယခုဆိုလျှင် အသင်းသားတွေမှ အတိုးငွေများအား သတ်မှတ်ကာလအချိန်မီ ပေးသွင်းနိုင်ခဲ့ပြီဖြစ်ကြောင်း၊ အသင်းဝင် အသင်းစုများအနေဖြင့်လည်း အသင်းစုချုပ်/ ဦးစီးဌာနတို့နှင့်စဉ်ဆက်မပြတ် ထိတွေ့ပြီး မိမိတို့ဒေသ/ မိမိတို့ မြို့နယ်မှာရှိတဲ့ အခြေခံအသင်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးဆောင်ပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားခဲ့သည်။
ထို့နောက် သက်ဆိုင်ရာအမှုဆောင်ကော်မတီဝင်မျာက အမှုဆောင်ကော်မတီ၏လုပ်ငန်း အစီစဥ်ခံစာ၊ ဘဏ္ဘာရေး၊ ရှေ့လုပ်ငန်းစဥ် အစီရင်ခံစာများကိုဖတ်ကြားပြီး ယင်းအစီရင်ခံစာများ၊ အမြတ်ငွေခွဲဝေမှုများအပေါ် အသင်းဝင်များက အကြံပြုဆွေးနွေးကာ အစည်းအဝေးမှ ချမှတ်သည့် မှတ်တမ်းတင်ချက်၊ ဆုံးဖြတ်ချက်၊ အတည်ပြုချက်များကို သဘာပတိမှ လက်မှတ်ရေးထိုးအတည်ပြုကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။
အစည်းအဝေးသို့ ပြည်နယ်သမဝါယမဦးစီးဌာန ညွန်ကြားရေးမှူးနှင့်အဖွဲ့၊ ပြည်နယ်သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်နယ်၊ မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်သမဝါယမအသင်းစုချုပ်မှ အမှုဆောင်များ၊ အခြေခံသမဝါယမအသင်းများမှ အသင်းဝင်ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။
မွန်ပြည်နယ်တွင် အသင်းစုချုပ်၊ မြို့နယ်အသင်းစုများအပါအဝင် ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှု အသင်းပေါင်း ၆၇၆ သင်းရှိပြီ အသင်းစုချုပ်မှ အသင်းဝင်အသင်းများ၏ လိုအပ်ချက်များအပေါ်ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)