ဆီဆိုင်မြို့၏ အမှတ်တရလက်ဆောင်မုန့်တစ်ခုအနေဖြင့် ထုတ်လုပ်ရောင်းချပေးလျက်ရှိသော ဒေသထွက်ထုတ်ကုန်တစ်ခုဖြစ်သည့် ထိုးမုန့်လုပ်ငန်းသည် လူမျိုးဘာသာမရွေး သန့်ရှင်းလတ်ဆတ်စွာစားသုံးနိုင်ရန် ထုတ်လုပ်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါလုပ်ငန်းနှင့်ပက်သက်၍ ဆီဆိုင်မြို၊ အောင်သပြေရပ်ကွက်မှ ထိုးမုန့်လုပ်ငန်းရှင် တစ်ဦးဖြစ်သည့် ဦးခွန်ဝေမောင်နှင့် တွေ့ဆုံမေးမြန်းမှုကို ရေးသားတင်ပြလိုက်ရပါသည်။
မေး။ ။ ထိုးမုန့်လုပ်ငန်း စတင်ဆောင်ရွက်ဖြစ်ပုံကို ရှင်းပြပေးပါဦး။
ဖြေ။ ။ ထိုးမုန့်လုပ်ငန်းကို ၁၉၈၅ ခုနှစ်ကတည်းလောက်က မိဘများလက်ထက်မှာ စတင်ပြုလုပ်ခဲ့ရာမှ လက်ရှိမိသားစုသားသမီးများလက်ထက်ထိ လုပ်ကိုင်ဆောင်ရွက်လာတာဖြစ်ပါတယ်။ မိဘလက်ထက်က ပြုလုပ်ခဲ့တဲ့ လုပ်ငန်းလည်းဖြစ်တော့ မိဘအမွေလုပ်ငန်းကို ဆက်လက်လုပ်ကိုင်ဆောင်ရွက်တာလည်း ဖြစ်တာပေါ့နော။
မေး။ ။ ဘယ်လိုကုန်ကြမ်းပစ္စည်းတွေကို အသုံးပြုတာလဲ၊ ပြုလုပ်ပုံအဆင့်ဆင့်နဲ့ ထိုးမုန့်အမျိုးအစား ဘယ်နှစ်မျိုးထုတ်လုပ်တယ်ဆိုတာလည်း သိပါရစေ။
ဖြေ။ ။ ကုန်ကြမ်းတွေကတော့ အဓိကသုံးတာ ကောင်းညှင်း၊ ဂျုံ၊ အုန်းသီး၊ ပဲဆီ၊ ကြက်ဉ၊ငချိတ်၊ ပဲမှုန့်၊ မြေပဲ၊ သီဟိုဋ်စေ့၊ စပျစ်သီးခြောက်နဲ့ သကြားစတာတွေကိုအဓိကထားပြီး လူမျိုးဘာသာမရွေး သုံးဆောင်လို့ရအောင် သန့်ရှင်းလတ်ဆတ်စွာနဲ့ပြုလုပ်ထားပါတယ်။ မုန့်အမျိုးအစားတွေကတော့ ထိုးမုန့်၊ လမုန့်၊ မုန့်ကုလားမဲ၊ ကုလားပဲချောင်းဆိုပြီးတော့ (၄)မျိုး ထုတ်လုပ်ရောင်းချပေးပါတယ်။
မေး။ ။ လက်ရှိဈေးကွက်အတွင်း ရောင်းချပေးရာမှာ မုန့်အမျိုးအစားအလိုက် ဈေးနှုန်းလည်း သိပါရစေ။
ဖြေ။ ။ လက်ရှိဈေးကွက်မှာ ရောင်းချပေးတာက ဆီဆိုင်မြို့ (မြို့မဈေး) ဆီဆိုင်-တောင်ကြီး ပြည်ထောင်စကားလမ်းမကြီးပေါ် ခေတ်မှီကားဂိတ်ရဲ့ မျက်နှာချင်းဆိုင်မှာ ကိုယ်ပိုင်ဆိုင်ခန်းဖွင့်လှစ်ပြီး ရောင်းချပေးပါတယ်။ မုန့်အမျိုးအစားအလိုက်ဈေးနှုန်းကတော့ ထိုးမုန့်တစ်ထုပ် (၂၅၀၀) ကျပ်၊ လမုန့်တစ်ထုပ် (၂၀၀၀) ကျပ်၊ မုန့်ကုလားမဲတစ်ထုပ်(၂၅၀၀)ကျပ်၊ ပဲချောင်းတစ်ထုပ် (၂၀၀၀) ကျပ်စသဖြင့် ရောင်းချပေးပါတယ်။
မေး။ ။ အဓိက ဘယ်လိုနေရာတွေကို တင်ပို့ရောင်းချနေသလဲဆိုတာ သိပါရစေ။
ဖြေ။ ။ အဓိကတော့ ဆီဆိုင်မြို့၏ အမှတ်တရလက်ဆောင်မုန့်တစ်ခုအနေဖြင့် ထုတ်လုပ်ရောင်းချ ပေးတာပေါ့နော်။ ဒေသခံမြို့သူမြို့သားတွေ ခရီးသွားတဲ့အခါမိမိဒေသရဲ့ လက်ဆောင်မုန့်တစ်ခုအဖြစ် ဝယ်ယူသွားကြတယ်။ နောက်ပြီး မြို့ကိုရောက်ရှိလာကြတဲ့ ခရီးသွားပြည်သူတွေလည်း လက်ဆောင်မုန့် အနေနဲ့ လာရောက်ဝယ်ယူကြတယ်။ ခုလောလာဆယ်တော့ သီးခြားနေရာတွေကို တင်ပို့ရောင်းချပေးတာ မရှိသေးဘူး။
မေး။ ။ တစ်နေ့ကို ထိုးမုန့် အရေအတွက်အားဖြင့် ဘယ်လောက်ရောင်းချရတာလဲ။
ဖြေ။ ။ ပုံမှန်တော့မရှိဘူးပေါ့၊ အခါတွင်း ပွဲလမ်းသဘင်တွေရှိရင်တော့ ရောင်းမလောက်ဘူး၊ တစ်နေ့ ခန့်မှန်းပုံမှန်ရောင်းရတာကတော့ မုန့်လေးမျိုးဆိုရင် အထုပ်အရေအတွက် ၁၀၀ ထုပ်နဲ့ ၁၅၀ ထုပ် ကြားမှာ ရောင်းရပါတယ်။
မေး။ ။ ကိုယ်ပိုင်လုပ်ငန်းလေးမှ စတင်ပြီး (MSME) လုပ်ငန်းထိဖြစ်အောင် အသေးစား စက်မှုလုပ်ငန်းအဖြစ် မှတ်ပုံတင်ထားရှိမှုကိုလည်း သိပါရစေ။
ဖြေ။ ။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှာ မှတ်ပုံတင် ထားရှိပါတယ်။ လုပ်ငန်းမှတ်ပုံတင်အမှတ်ကတော့ အစ(၁၃)ရှမ်း (၀၈၈၇) ဖြစ်ပါတယ်။
ဆီဆိုင်မြို့နယ်ရှိ အသေးစား၊ အလတ်စား၊ အငယ်စားစီးပွားရေး (MSME) လုပ်ငန်းများအနက် ထိုးမုန့်လုပ်ငန်းသည် မိသားစုဝင်ငွေတိုးပွားရေး၊ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးနိုင်ရေးနှင့် နိုင်ငံတော်စီးပွားဖွံဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်သည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
တွေ့ဆုံမေးမြန်းသူ - ဒေါ်နွေးနွေးယု
ဓာတ်ပုံရိုက်ကူးသူ - ဦးမျိုးမြတ်အောင်