ရှမ်းပြည်နယ် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် ဒုတိယညတွင် ဒေသခံပြည်သူများ၊ ရပ်ဝေး/ရပ်နီးဧည့်သည်များ ပွဲတော်လာပရိတ်သတ်များဖြင့် စည်ကားသိုက်မြိုက်စွာ လာရောက်ကြည့်ရှု

တောင်ကြီး နိုဝင်ဘာ ၂၃

တန်ဆောင်တိုင်ပွဲတော်သည် မြန်မာတို့၏ ဆယ့်နှစ်လရာသီပွဲတော်များအနက် ရှစ်လမြောက်ဖြစ်သည့် တန်ဆောင်မုန်းလမှာ “တန်ဆောင်မုန်းလ တန်ဆောင်တိုင်ပွဲ” ဆိုသည့် စာဆိုနှင့်အညီ နှစ်စဥ်အစဥ်အလာမပျက် ကျင်းပသော ပွဲတော်ကြီးတစ်ခုဖြစ်၍ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် နိုဝင်ဘာလ(၂၁)ရက်မှစ၍ ပွဲတော်စတင်ဖွင့်လှစ်ပေးခဲ့ပြီး ညမီကြီး စိန်နားပန်မီးပုံးပျံ(၄)လုံး၊ ညမီးကြီး(၂၂)ပေ(၃)လုံးနှင့် (၂၅)ပေ(၂)လုံး လွှတ်တင်ပေးကြကြောင်း သိရသည်။

နိုဝင်ဘာ(၂၂)ရက်နေ့တွင်လည်း နေ့လွှတ်မီးပုံးပျံခြေနှစ်ချောင်း အရုပ်(၇)လုံး၊ ခြေလေးချောင်းအရုပ်(၃)လုံး ပါဝင်ယှဥ်ပြိုင်လွှတ်တင်ကြပြီး ညပိုင်းတွင် ခေတ်ပေါ်တေးဂီတတီးဝိုင်းဖြင့် ဒေသခံအဆိုတော်များဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ညမီးကြီး (၂၂)ပေ(၃)လုံး၊ (၂၅)ပေ(၂)လုံး၊ ညမီးကြီး စိန်နားပန်(၄)လုံး ပါဝင်ယှဥ်ပြိုင်လွှတ်တင်ပေးကြရာ ဒေသခံပြည်သူများ ရပ်ဝေး/ရပ်နီး ဧည့်သည်တော်များ၊ ပွဲလာဧည့်ပရိတ်သတ်များဖြင့် စည်ကားသိုက်မြိုက်စွာ၊ ပျော်ရွှင်အေးချမ်းစွာဖြင့် ပွဲကိုဆင်နွဲကြကြောင်း သိရှိရသည်။

အဆိုပါ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်တွင် ညမီးကြီး(၂၅)ပေ(၁၅)လုံး၊ (၂၂)ပေ(၂၃)လုံး၊ ညမီးကြီး စိန်နားပန်(၁၈)ပေ(၂၅)လုံး စုစုပေါင်း(၆၃)လုံး၊ နေ့လွှတ်အရုပ်ခြေ(၂)ချောင်း(၃၇)လုံး၊ ခြေလေးချောင်း(၁၇)လုံး၊ အရုပ်အုပ်စု(၉)လုံး စုစုပေါင်း(၆၃)လုံး ပါဝင်ယှဥ်ပြိုင်ကြပြီး မီးပုံးပျံ နေ့လွှတ်အရုပ်ပြိုင်ပွဲကို မွန်းလွဲ(၁)နာရီမှ ညနေ(၄)နာရီအထိနှင့် ညမီးပုံးပျံလွှတ်ချိန်ကို ည(၇)နာရီမှ စတင်မည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်သန်း(ပြန်/ဆက်)