မုဒုံ နိုဝင်ဘာ ၂၃
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် မူလတန်းကျောင်းသား/ သူများ၏ မျက်စိအမြင်အာရုံအခြေအနေများနှင့် ဆက်စပ်အကြောင်းအရင်းလုပ်ငန်းများအား အခမဲ့စစ်ဆေးစမ်းသပ်ပေးခြင်းကို ယနေ့နံနက် ၉ နာရီက အ.ထ.က (၁) ကျောင်းရှိ ရှင်အရဟံခန်းမ၌ ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် မွန်ပြည်နယ် ကျန်းမာရေးဦးစီးဌာန မြို့နယ်ကျန်းမာရေးမှူး ဦးနိုင်မြင့်မိုး၊ သထုံခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မျက်စိကျွမ်းကျင် ဒေါ်အိအိချော၊ မုဒုံမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုးနိုင်နှင့် ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများမှ ကျောင်းသား/သူ စုစုပေါင်း ၁၆၃ ကို မျက်စိပိုင်းဆိုင်ရာလက္ခာများအား လေ့လာဆန်းစစ်ပေးခြင်း၊ လိုအပ်သောမျက်စိကျန်းမာရေး စောင့်ရှောက်မှုများနှင့် ကာကွယ်ရေးလုပ်ငန်းများ၊ အမြင်မှုန်ဝါးခြင်းနှင့် သက်ဆိုင်သောအချက်များ၊ မျက်စိထိခိုက်ဒဏ်ရာရရှိမှုအခြေအနေ၊ မျက်မှန်တပ်ဆင်ထားရခြင်းနှင့် မျက်စိစမ်းသပ်စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးသည်။
ထို့နောက် ကျောင်းသား/သူများအား “ကြည်လင်တောက်ပ မျက်လုံးအလှ ငယ်စဥ်ကတည်းက စောင့်ရှောက်ကြ”ခေါင်းစဥ်ဖြင့် မျက်လုံးကျန်းမာရေးနှင့်ပတ်သက်သည့် လိုက်နာဆောင်ရွက်ရမည့် အချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ ပဲနို့များ တိုက်ကျွေးပေးအပ်ခဲ့ကြောင်း သိရသည်။
သားငယ် (ပြန်/ဆက်)