တပ်ကုန်းမြို့၌ (၅၄)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာမဟာဘုံကထိန်ပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပ

တပ်ကုန်း နိုဝင်ဘာ ၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် (၅၄)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာမဟာဘုံကထိန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်သံဃနာယကအဖွဲ့၊ မြို့နယ်ဩဝါဒစရိယ၊ မြဝတီရပ်ကွက်၊ မြို့ဦးပရိယတ္တိစာသင်တိုက်မှ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တပဏ္ဍဝနှင့် သံဃာတော်များက  ဗုဒ္ဓသာသနာပြုဗိမာန်တော် အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်အား ဗုဒ္ဓဘိသေကအနေကဇာတင်ခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဒေါက်တာခင်မောင်ထွန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသူရဦး၊ ဒုတိယဦးစီးမှူး ဦးအောင်မြင့်မိုး၊ မြို့နယ်ဗုဒ္ဓသာသနာပြုဗိမာန်တော် ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်နှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်များက မြို့ဦး ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော်ဘဒ္ဒန္တပဏ္ဍဝထံမှ ငါးပါးသီလခံယူပြီး၊ ဆရာတော်များအား အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် (၅၄)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာမဟာဘုံကထိန်ပွဲတော်မုခ်ဦး ဖွင့်ပွဲဆက်လက်ကျင်းပရာ အခမ်းအနားသို့ ဥတ္တရခရိုင် ခေတ္တအုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဗုဒ္ဓသာသနာပြု ဗိမာန်တော်ကြီးဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်နှင့် တာဝန်ရှိသူများက မြို့နယ်လုံးဆိုင်ရာ မဟာဘုံကထိန်ပွဲတော်မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီးနောက်  ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပဒေသာပင်များနှင့် ဈေးဆိုင်ခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

တပ်ကုန်းမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာမဟာဘုံကထိန်ပွဲတော်ကြီးကို နိုဝင်ဘာ ၂၃ ရက်(တန် ဆောင်မုန်းလဆန် ၁၁ရက်)တွင် စတင်ကျင်းပ၍ မြို့ပေါ်အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာရုံးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာပြည်သူများ၊ တစ်ဦးချင်းစေတနာရှင်များ၊ ဘဏ်များက လှူဖွယ်ပစ္စည်းများကို ပုံသဏ္ဍအမျိုးမျိုးဖြင့် ပဒေသာပင်အလှစည်းကာ အိုးစည်ဗုံမောင်းဖြင့် လှည့်လည်ပြသ၍ ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီးနှင့် အောင်ဆန်းခန်းမသို့ ပို့ဆောင်ကြပြီး၊ ငါးရက်ငါးညတိုင်တိုင် ခင်းကျင်းပြသထား၍ လှူဒါန်းမှုအစုစုတို့ကို နိုဝင်ဘာ ၂၉ ရက် (တန်ဆောင်မုန်းလပြည့်ကျော် ၂ရက်)တွင် ကထိန်အာနိသင်ရဘုန်းတော်ကြီးကျောင်းပေါင်း ၅၁ ကျောင်း၊ အထူးပင့်ဆရာတော်ကြီး ၆ ပါးတို့ကို   ပဒေသာပင်များခွဲဝေပြီး၊ ရေစက်ချ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

တင်စိုးလွင်