မလှိုင်၊ အောက်တိုဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ထန်းတောကျေးရွာအုပ်စု၊ မုံပင်လေးပရဟိတကျောင်းမှ အသက်(၁ဝ) နှစ်အောက် ကလေးငယ်များကို ပဉ္စမအကြိမ်မြောက် နို့အာဟာရ တိုက်ကျွေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
“ဒီနေ့ နို့အာဟာရတိုက်ကျွေးခြင်းဟာ ပဉ္စမအကြိမ်မြောက် တိုက်ကျွေးခြင်းဖြစ်ပါတယ်။ အောက်တိုဘာ (၉) ရက်နေ့က စတင်တိုက်ကျွေးခဲ့ပြီး အပတ်စဉ် အင်္ဂါနေ့နှင့် သောကြာနေ့တိုင်း တိုက်ကျွေးခဲ့တာပါ၊ နို့အာဟာရ ကုသိုလ်ရှင်ကတော့ တိုင်းဒေသကြီးအမျိုးသမီးကော်မတီနှင့် တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနက ပံ့ပိုးပေးတာ ဖြစ်ပြီး ကျမတို့မြို့နယ် အမျိုးသမီးကော်မတီက တာဝန်ယူဆောင်ရွက်ပေးနေခြင်းဖြစ်ပါတယ်” ဟု မြို့နယ်အမျိုးသမီး ကော်မတီ အတွင်းရေးမှူး ဒေါ်ပွင့်ဝါက ပြောသည်။
အဆိုပါနေ့က မုံပင်လေး ပရဟိတကျောင်းမှ အသက်(၁ဝ)နှစ် အောက်ကလေးငယ် (၂၈) ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း အာဟာရပြည့်ဝပြီး ကျန်းမာကြံ့ခိုင်စေရန် မြို့နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)