မွန်ပြည်နယ်အတွင်းရှိ မြန်မာ့စီးပွားရေးဘဏ်များတွင် အငြိမ်းစားပင်စင်လစာငွေများ ဆက်လက်ထုတ်ပေး

မော်လမြိုင် နိုဝင်ဘာ ၂၃

မွန်ပြည်နယ်အတွင်းရှိ မြန်မာ့စီးပွားရေးဘဏ်များ နေ့စဥ်ပုံမှန်ဖွင့်လှစ်လျက်ရှိပြီး အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို လစဥ် ၂၁ ရက်နေ့မှစတင်ကာ ပုံမှန်ထုတ်ပေးသည်။

အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ထုတ်ပေးရာတွင် မိမိတို့အဆင်ပြေသည့်နေ့များတွင် လာရောက်ထုတ်ယူနိုင်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ကာယကံရှင်ကိုယ်တိုင် လာရောက်ထုတ်ယူနိုင်ခြင်းမရှိသည့် အငြိမ်းစားအသက်ကြီးသူများ၊ ကျန်းမာရေးမကောင်းသူများ၏ ပင်စင်လစာများကို အဆင်ပြေချောမွေ့စေရေးအတွက် ဘဏ်တာဝန်ခံများက စာရင်းဖြည့်သွင်းခြင်းများ၊ လိုအပ်သောအထောက်အထားများနှင့် ကိုယ်စားလှယ်လွှဲစားများဖြင့် မိသားစုဝင်များက ထုတ်ယူပေးနိုင်ရန် စီစဥ်ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို သတ်မှတ်ရက်များအတိုင်း ဘဏ်ဖွင့်ချိန် နေ့စဥ်နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီထိ လာရောက်ထုတ်ယူနိုင်ကာ မွန်ပြည်နယ် မုဒုံမြို့နယ်တွင် အငြိမ်းစားပင်စင်လစာထုတ်ယူသူ  ၂၉၆၇ ဦးရှိကြောင်း မုဒုံဘဏ်ခွဲမန်နေဂျာထံမှသိရပြီး မွန်ပြည်နယ်အတွင်း မြို့နယ် (၁၀) မြို့နယ်ရှိ ဘဏ်ခွဲများတွင်လည်း ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)