တာလေ အောက်တိုဘာ ၂၃
၂၀၂၀ ပြည့်နှစ်အတွင်း ကိုဗစ်-၁၉ စီးပွားရေးကုစားမှု CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မိုးစပါး မျိုးစေ့ထုတ် စိုက်ခင်းများ စံကွက်ရိတ်သိမ်းခြင်းနှင့် တောင်သူများအား စိုက်ပျိုးရေး အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် သက်ဆိုင်ရာ တာဝန်ရှိသူများက အမှတ် (၃) ရပ်ကွက်အတွင်း ကွင်းအမှတ် (၆၂)ရှိ ဦးပိုင်အမှတ် (၁၀/၁)တောင်သူ ဦးအားလီဂျူးဂျူး၏ ဆင်းဧကရီ (၃) မျိုး စေ့ထုတ် စိုက်ပျိုးထားသော မိုးစပါး စံပြစိုက်ခင်း (၈)ဧက တွင် ယနေ့ နေ့လယ်ပိုင်းက ကွင်းဆင်း ဆောင်ရွက် ခဲ့သည်။
ထိုသို့ဆောင်ရွက်ရွာတွင် တာလေမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ စီစဉ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးချစ်ကို၊ မြို့လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့ဦးစီးမှူး ဦးနိုင်မင်းနှင့် ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးနေလင်းနှင့် ဝန်ထမ်း များ၊ အမှတ် (၃)ရပ်ကွက် အုပ်ချုပ် ရေးမှူးနှင့် ရပ်မိရပ်ဖတို့က ကိုဗစ်-၁၉ စီးပွားရေးကုစားမှု CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသောဆင်း ဧကရီ-၃ မျိုးစေ့ထုတ် စံပြစိုက်ခင်း (၈)ဧကတွင် စံကွက်ရိတ်သိမ်းခြင်းနှင့် စစ်တမ်းကောက်ယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စံကွက်ရိတ်သိမ်းခြင်း ဆောင်ရွက်ရာတွင် ဆင်းဧကရီ-၃ မျိုးစေ့ထုတ် မိုးစပါး စံပြစိုက်ခင်း (၈) ဧက တွင် တစ်ဧကအထွက်နှုန်း အစိုထွက် (၁၁၅)တင်းအထိ ထွက်ရှိကြောင်း စိုက်ပျိုးရေး ဦးစီး ဌာနမှ မြို့ဦးစီးမှူး ဦးနေလင်းက ပြောသည်။
အောင်ကျော်မိုး (ပြန်/ဆက်)