ဟိုပုံး အောက်တိုဘာ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး အတွက် ကျေးရွာအုပ်စုများတွင် ထားရှိဆောင်ရွက်မည့် မဲရုံများသို့ ယနေ့ နံနက် ၉ နာရီအချိန်မှ စတင်၍ တာဝန်ရှိသူများက ကွင်းဆင်းပြီး ဆွေးနွေးပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်နှင့် အဖွဲ့တို့သည် ပေါင်လင်းကျေးရွာအုပ်စု၊ နမ့်ခုတ်ကျေးရွာအုပ်စု၊ ကုန်းကျိုင်း ကျေးရွာအုပ်စုနှင့် လုံဟေးကျေးရွာအုပ်စုများမှ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် (အဖွဲ့ခွဲ) ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့် တွေ့ဆုံကာ ထားရှိဆောင်ရွက်သွားမည့် မဲရုံများအား လိုက်လံကြည့်ရှုပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်နှင့် အဖွဲ့များက ရွေးကောက်ပွဲကျင်းပရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက် သွားကြရန် လိုကြောင်း၊ မဲရုံများတွင် တာဝန်ယူဆောင်ရွက်သွားကြမည့်သူများအနေနှင့်လည်း ရောဂါပိုးကူးစက် မခံရဖို့လိုကြောင်းပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှိုင်ထွေးမှ ရွေးကောက် ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာများ ဆောင်ရွက်ထားရှိမှု အခြေအနေ များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှူး ဒေါက်တာ မောင်မောင်သိန်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များကို ရှင်းလင်းပြောကြားပြီး မြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမောင်မောင်မြင့်က မဲရုံများတွင် တာဝန်ယူဆောင်ရွက်ကြမည့်သူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရ သည်။
ဟိုပုံးမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ယနေ့အချိန်ထိ ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ (၇၉၄၇၃)ဦး၊ မဲရုံပေါင်း(၈၀)ရုံ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံမှ သိရသည်။
နေမင်းထွန်း(ဟိုပုံး)