ပုဗ္ဗသီရိ အောက်တိုဘာ ၂၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် မဲဆန္ဒနယ် ပြင်ပရောက် ဆန္ဒမဲ ပေးခွင့်ရှိသူ ပုံစံ(၁၅)ဖြင့် လျှောက်ထားသူများ ကြိုတင်ဆန္ဒမဲပေးခြင်းကို ယနေ့ နံနက်ပိုင်း က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး၌ ဆောင်ရွက်သည်။
ပုဗ္ဗသီရိမြို့နယ်တွင် အခြားသော တိုင်းဒေသကြီး/ပြည်နယ်များမှ ရောက်ရှိနေကြသည့် မဲဆန္ဒရှင် ပြည်သူများ အနေဖြင့် မိမိတို့၏ မဲစာရင်းပါရှိရာ မဲဆန္ဒနယ်သို့ပြန်လည်၍ ဆန္ဒမဲပေးနိုင်ခြင်း မရှိသည့်အတွက် ရွေးကောက် ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံး ရစေရေး အောက်တိုဘာ ၉ ရက်နေ့မှစတင်ကာ ပုံစံ(၁၅) ရေးသွင်းပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများနှင့် ချိတ်ဆက်၍ ကြိုတင် ဆန္ဒမဲ ပေးနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်းနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများမှ ပြန်လည်ပေးပို့လာသည့် ကြိုတင်ဆန္ဒမဲလက်မှတ်များအား မဲဆန္ဒရှင်များမှ ဆန္ဒပြုမဲပေးပြီး ပါက သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများသို့ ချိတ်ပိတ်၍ ပြန်လည် ပေးပို့သွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးရှိုင်းအောင်က ပြောသည်။
ပုဗ္ဗသီရိမြို့နယ်တွင် ပုံစံ(၁၅)နှင့် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး လာရောက်လျှောက်ထားသူ ယနေ့ အထိ ၂၈၃ ဦး ရှိပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများမှ ပြန်လည်ပေးပို့လာသည့် ကြိုတင်ဆန္ဒမဲ လက်မှတ်များ၏ မဲဆန္ဒရှင် ၃၄ ဦးမှလာရောက်၍ ကြိုတင်ဆန္ဒမဲပေးခဲ့ကြကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ကံချွန်(ပြန်/ဆက်)