မိုင်းဆတ် အောက်တိုဘာ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပုံးများအား စစ်ဆေး၍ လုံခြုံရေး ကြိုးများဖြင့် ချိတ်ပိတ်ခြင်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဒေါနယ်သိန်းက ကြိုတင်ဆန္ဒမဲများရောက် ရှိလာပါက စနစ်တကျထား ရှိဆောင်ရွက်ရမည့်အခြေအနေ၊ ကြိုတင်ဆန္ဒမဲပုံးထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ကြိုတင်ဆန္ဒမဲလက်မှတ်အိတ်များအား ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေနှင့် အညီထိန်းသိမ်းသွားမည့် အခြေ အနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲအဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်နန်းဝိုခမ်းက ကြိုတင်မဲလက်မှတ်များနှင့် ပတ်သက်၍ ဆောင်ရွက်မည့် အခြေအနေများ၊ ကြိုတင်ဆန္ဒမဲပုံးလုံခြုံရေးကြိုးချိတ်ပိတ်ပုံများကို အသေးစိတ် ရှင်းလင်းပြောကြားပြီး ကြိုတင်မဲလက်မှတ်များကို ကြိုတင်ဆန္ဒမဲပုံးအတွင်း ထည့်သွင်းပြီး လဲလှယ်ခြင်း၊ ပြောင်းလဲခြင်းများ မပြုလုပ်နိုင်ရန် မူလဆန္ဒပြုထားသည့် အတိုင်းထည့်သွင်း သိမ်းဆည်းနိုင်ရေးအတွက် ကြိုတင်ဆန္ဒမဲပုံးလုံခြုံရေး ကြိုး၏ ကုဒ်နံပတ်များကို နိုင်ငံရေးပါတီကိုယ်စားလှယ်များက မှတ်တမ်း ရယူခဲ့ကြပြီး တက်ရောက်လာသော နိုင်ငံရေးပါတီကိုယ်စားလှယ်(၁၂)ဦးရှေ့တွင် ကြိုတင်ဆန္ဒမဲပုံးအား လုံခြုံရေး ကြိုးချိတ်ပိတ် တပ်ဆင်ခဲ့ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)