တွံတေးမြို့ ရွှေဆံတော်စေတီတော်မြတ်ကြီး၌ မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲနှင့် မြို့တွင်းနှစ်ကျိပ်ရှစ်ဆူကုန်သော ဗုဒ္ဓရုပ်ပွားတော်များ အစဥ်အလာမပျက်စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

တွံတေး နိုဝင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့ ကျက်သရေဆောင်ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ရှေးစဥ်လာမပျက် နှစ်စဉ်ကျင်းပမြဲဖြစ်​သော မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲနှင့် နှစ်ကျိပ်ရှစ်ဆူသော ဗုဒ္ဓရုပ်ပွားတော်များ မြို့တွင်းသို့လှည့်လည်အပူဇော်ပွဲကို  တန်ဆောင်မုန်းလဆန်း (၁၄)ရက်နေ့နှင့် လပြည့်နေ့တို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲတွင် ယခုနှစ်တွင် ရက်ကန်းစင်(၇)စင်ဖြင့် မသိုးသင်္ကန်းရက်လုပ်ပူဇော်ခြင်းဖြစ်ပြီး ယခုနှစ်မှာ ပြိုင်ပွဲမျိုးမဟုတ်ဘဲ ရှေးစဥ်လာမပျက်ရေး ရက်လုပ်ပူဇော်သွားမှာဖြစ်ကြောင်း၊ ရွှေဆံတော်စေတီတော်ရဲ့ မသိုးသင်္ကန်းရက်လုပ်ပူဇော်ပြိုင်ပွဲကို ယခုနှစ်မှာပြိုင်ပွဲမကျင်းပနိုင်ပေမယ့် ရက်ကန်းစင်(၇)စင်ဖြင့် မသိုးသင်္ကန်းရက်လုပ် ပူဇော်သွားပြီးပြီးစီးသွားသည့် မသိုးသင်္ကန်းများအား လပြည့်နေ့နံနက် ၄ နာရီ မိနစ် ၃၀ တွင် စေတီတော်ရင်ပြင်ရှိ သတ်မှတ်တန်ဆောင်းအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များအား မသိုးသင်္ကန်းကပ်လှူပူဇော်သွားမှာဖြစ်ကြောင်း သိရသည်။

ရွှေဆံတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုကလည်း ပြိုင်ပွဲမဟုတ်သည့်အတွက် မသိုးသင်္ကန်းရက်လုပ်ပူဇော်သည့်အခါ စိတ်ဓာတ်မကျဘဲ ယခင်ပြိုင်ပွဲအတိုင်း ရက်ကန်းစင်များက ပြိုင်ပွဲကဲ့သို့သဘောထားကာ ကြိုးကြိုးစားစားရက်လုပ်ပူဇော်ကြရန် ပြိုင်ပွဲစည်းကမ်းများအတိုင်း ကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မသိုးသင်္ကန်းရက်လုပ်ပူဇော်သော ရက်ကန်းစင်များဖြစ်သည့် အမရာစင်တော်၊ သမ္ဘူလစင်တော်၊ သုစိတာစင်တော်၊ မဒ္ဒီဒေဝီစင်တော်၊ ဂေါတမီစင်တော်၊ သုဇာတစင်တော်၊ ပပဝတီစင်တော်ယခုနှစ်တွင် ရက်ကန်းစင်(၇)စင် ရက်လုပ်ပူဇော်ပြီးသော သင်္ကန်းများအား ရွှေဆံတော်စေတီ ပထမပစ္စယံရှိ ပဥ္စလောဟာဗုဒ္ဓရုပ်ပွားတော် (ရွှေ၊ ငွေ၊ ကြေးသံ၊ သွပ်)နှင့် ရွှေဆံတော်စေတီရင်ပြင်ရှိ သတ်မှတ်တန်ဆောင်များရှိ ဗုဒ္ဓရုပ်ပွားတော်များအား မသိုးသင်္ကန်းများ ဆက်ကပ်ပူဇော်ကြကြောင်း သိရသည်။

မြို့နယ်အတွင်းရှိ ရှမ်းစုကြီးနှစ်စင်၊ ညောင်တံခါးနှစ်စင်၊ ငါးခုမ်းမစမ်းတစ်စင်၊ ရွှေဆံတော်တစ်စင်၊ ကျုံးကြီးတစ်စင်၊ စသည့် ရှမ်းလေးရွာမှ လှပျိုဖြူအမျိုးသမီးများက ရက်ကန်းစင်(၇) စင်က ပါဝင်ရက်လုပ်ပူဇော်ခြင်းဖြစ်ကြောင်း၊ တန်ဆောင်မုန်းလပြည်နေ့ နေ့လည် ၂ နာရီတွင် မြို့တွင်းသို့ နှစ်ကျိပ်ရှစ်ဆူကုန်သော ဗုဒ္ဓရုပ်ပွားတော်များ ရပ်ကွက်များအတွင်း လှည့်လည်အပူဇော်ခံမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။ တန်ဆောင်မုန်းလဘုရားပွဲတော်သို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ လာရောက်ဖူးမျှော်ကြည်ညိုနိုင်ကြောင်း ဖိတ်ခေါ်လိုက်ရပါသည်။

တွံတေးသား