မန္တလေးတိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ဖွင့်လှစ်သည့် အခြေခံ ဂဟေဆက်သင်တန်း  ဖွင့်ပွဲအခမ်းအနား ကျင်းပ

မန္တလေး နိုဝင်ဘာ ၂၃

မန္တလေးမြို့တွင် လူငယ်လူရွယ်များ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်၊ သင်တန်းမှ ရရှိသည့် အတတ်ပညာဖြင့် အသက်မွေးဝမ်းကြောင်း ပြုလုပ်နိုင်ရန်၊ မိသားစုစားဝတ်နေရေး အဆင်ပြေစေရန်၊ အခမဲ့ ဖွင့်လှစ်ပေးသော သင်တန်းမှ ရရှိသည့် အတတ်ပညာဖြင့် အသက်မွေးမှု ပြုလုပ်နိုင်ရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် မန္တလေးတိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ဖွင့်လှစ်သော အခြေခံ ဂဟေဆက်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီတွင် ပြည်ကြီးတံခွန်မြို့နယ် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (မန္တလေး)၌ ကျင်းပသည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါ်မို့မို့သွင်က အဖွင့်အမှာစကား ပြောကြားပါသည်။

ထို့နောက် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (မန္တလေး) ကျောင်းအုပ်ကြီး ဦးဝင်းမင်းစိုးက သင်တန်းပို့ချမှု ဘာသာရပ်များနှင့် သင်တန်းစည်းကမ်းချက်များကို ရှင်းလင်းဆွေးနွေးပါသည်။

အဆိုပါ သင်တန်းသို့ သင်တန်းသား (၂၀) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလ (၄) ပတ်ကြာ သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။

မြင့်မြင့်သန်း(ပြန်/ဆက်)