ကျိုက်ထိုမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကာကွယ်လျော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အသိပညာပေးပွဲ ကျင်းပ

ကျိုက်ထို နိုဝင်ဘာ ၂၂

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကာကွယ်လျော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အသိပညာပေးပွဲကို ယနေ့နံနက် (၁၀)နာရီက အ.ထ.က(၁) ရာပြည့်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။                                  

ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူး ဒေါ်‌ဆောင်းဟေမာန်ဦးက ပြည်သူလူထုအတွင်း မီးဘေးနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာရပ်များ သိရှိစေရန် ရည်ရွယ်၍ စာသင်ကျောင်းများကို အခြေပြုကာ ဆောင်ရွက်သည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဘေးအန္တရာယ်ကာကွယ်ရေးလေ့ကျင့်ခန်းဖြစ်သည့် ဂိမ်းကစားနည်း (၉)မျိုးအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဂိမ်းကစားနည်း (၉)မျိုးဖြစ်သည့် မီးသတ်ဆေးဘူး အသုံးပြုတတ်စေရန်၊ လက်တွေ့မီးငြိမ်းသတ်တတ်စေရန်နှင့် မီးနှင့်ပတ်သက်သော ဗဟုသုတရရှိစေသော ဂိမ်း၊ ကတ်ပြားများ အသုံးပြု၍ မီး၊ လောင်စာနှင့် မီးငြိမ်းသတ်ရေးပစ္စည်းများ ခွဲခြားသိရှိစေသော ဂိမ်း၊ စောင်ကို အသုံးပြု၍ လူနာသယ်ဆောင်သော ထမ်းစင်ပြုလုပ်ရသည့် ဂိမ်း၊ မိမိတို့၏အိမ်သုံးပစ္စည်းများနှင့် အရိုးကျိုးဒဏ်ရာရရှိသူကို ရှေးဦးပြုစုသည့်ဂိမ်း၊ အရေးပေါ်ရေကြီးရေလျှံမှုများ ဖြစ်ပွားသည့်အခါ ပလတ်စတစ်ရေသန့်ဘူးများ အသုံးပြု၍ အသက်ကယ်အင်္ကျီ ပြုလုပ်သည့်ဂိမ်း၊ ဘေးအန္တရာယ်ကြုံတွေ့လာသည့်အခါ သယ်ဆောင်သွားသင့်သည့် ပစ္စည်းများ စဉ်းစားတတ်စေရန်နှင့် အောင်မြင်စွာ ကျော်ဖြတ်နိုင်‌စေရန် အသိပညာပေးသည့်ဂိမ်းများကို ကျောင်းသား၊ ကျောင်းသူများကိုယ်တိုင် ပါဝင်ကစားခဲ့ကြပြီး မွန်းလွဲပိုင်းတွင်လည်း အ.ထ.က(၂) ကျိုက်ထို၌ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးပွဲသို့ မွန်ပြည်နယ် မီးသတ်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေး ဦးဇော်ဝင်း၊ ဒုခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူး ထွန်းဇော်ဦး၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်ကြင်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့မှ အဖွဲ့ဝင် ဗိုလ်မှူးပြည့်ထွန်း၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျိုက်ထို(ပြန်/ဆက်)