ချီဖွေမြို့တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လူငယ်စကားဝိုင်း ကျင်းပ

ချီဖွေ  နိုဝင်ဘာ  ၂၂

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ အသိပညာဗဟုသုတများရရှိစေရေး၊ ဉာဏ်ပညာမြင့်မားရေး၊ ကိုယ်ရည်ကိုယ်သွေးမြင့်မားရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ချီဖွေမြို့နယ်၊ ဒုတိယအုပ်ချုပ်ရေးမှူး ဦးချစ်အောင်နိုင်ထွန်းနှင့် မြို့နယ်ဒုတိယ ပညာရေးမှူး ဦးလွမ်း‌ဟောင်းတို့က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဂွါဇာလေးကကျောင်းသား၊ ကျောင်းသူများသည် တိုင်းပြည်၏ အနာဂတ် မျိုးဆက်သစ်များဖြစ်သည့်အတွက် မှန်ကန်သော အတွေးအခေါ်များရှိလာစေရန်၊ အနာဂတ်တွင် ပညာရည်ထူးချွန်ပြီး အကျင့်စာရိတ္တနှင့်စည်းကမ်းကောင်းမွန်သော လူတော်၊ လူကောင်းများဖြစ်လာစေရန်၊ထူးချွန်ထက်မြက်သောခေါင်းဆောင်ကောင်းများဖြစ်လာစေရန်နှင့် လူအများရှေ့တွင် ရဲဝင့်စွာ ပြောဆိုဆွေးနွေးတတ်လာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် လူငယ်စကားဝိုင်းအား ဆက်လက်ကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဂွါဇာလေးကဆောင်ရွက်ပြီး အခြေခံပညာအထက်တန်းကျောင်း(ချီဖွေ)မှ အထက်တန်းအဆင့် ကျောင်းသား၊ကျောင်းသူ (၅) ဦးတို့က လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့် ပညာရေး၊ လူငယ်နှင့်မူးယစ်ဆေးဝါး၊ လူငယ်နှင့် အားကစားနှင့် လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့​​ကြရာ ဦးဆောင်ဆွေးနွေးသူမှ ဖြည့်စွက်ဆွေးနွေးခြင်းနှင့် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှု များနှင့်ပတ်သတ်၍ သိရှိလိုသည်များအား ​မေးမြန်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနှင့် အပူဒဏ်ကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင် ပြသထားရာ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၀၀)ဦးတို့က စိတ်ဝင်စားစွာကြည့်ရှုခဲ့​ကြောင်းသိရသည်။

ယော်ကိ (ပြန်/ဆက်)