ရန်ကုန် နိုဝင်ဘာ ၂၂
အနာဂတ်နိုင်ငံတော်၏ အဖိုးတန်သည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် ကျောင်းသားလူငယ်များ ဗလငါးတန်နှင့် ပြည့်ဝစေရန်ရည်ရွယ်၍ ကျပန်းစကားပြောပြိုင်ပွဲကို ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပညာခန်းမတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က စတင်ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က ကျပန်းစကားပြောပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် အမှတ်ပေးစည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲကို ကျင်းပခဲ့ရာ မြို့နယ်အတွင်းရှိ အ.ထ.ကကျောင်း (၁) ကျောင်းနှင့် အ.လ.ကကျောင်း (၄) ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူ (၁၁) ဦးတို့က “မူးယစ်အန္တရာယ်တို့ကာကွယ်”၊ “ပညာမြင့်မှ လူမျိုးတင့်မည်” ၊ “ ချစ်စရာ့မြန်မာ့ယဥ်ကျေးမှု”၊ “ကျန်းမာခြင်းသည်လာဘ်တစ်ပါး” စသည့်ခေါင်းစဥ်များအား မဲနှိုက်ရွေးချယ်ယှဉ်ပြိုင်ခဲ့ကြ ပါသည်။
ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲတွင် ယှဥ်ပြိုင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ (၁၁) ဦးထဲမှ အမှတ်ပေးဒိုင်များ၏ စိစစ်ရွေးချယ်မှုများအရ ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုများ ရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူအသီးသီးက ဆုတံဆိပ်နှင့် ဆုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)