လှိုင် အောက်တိုဘာ ၂၃
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် အမက(၂၆)တွင် ဖွင့်လှစ်ထားသော Community Based Facility Quarantine Center(1)နှင့် အလက (၅)တွင် ဖွင့်လှစ်ထားသော Quarantine Center (2) ရှိ အသွားအလာ ကန့်သတ်ထားသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန် ထမ်းများအတွက် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လှိုင်မြို့နယ်ရုံးမှမြို့နယ် ဦးစီးမှူး ဒေါ်မေသန္တာက မွေးနေ့အလှူအဖြစ် ကြာဇံကြော်ဘူး (၁၃၀)အား နံနက်စာ အာဟာရဒါန အဖြစ် လှိုင်မြို့နယ် အထွေထွေအုပ် ချုပ်ရေး ဦးစီးဌာနရုံးသို့ လာရောက်၍ လှူဒါန်းခဲ့ပါသည်။
ထိုကဲ့သို့ လာရောက်လှူဒါန်းမှူများအား လှိုင်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ဝင်းနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးတို့က လက်ခံရယူခဲ့ပါသည်။ ထို့ပြင်နေ့လည်စာ၊ ညနေစာတို့ အတွက်လည်း အလှူရှင်များ လှူဒါန်းထားရှိသော အလှူငွေများမှ ထမင်းဘူးများအား ကျွေးမွေးလှူဒါန်းသွားမည် ဖြစ်ပါသည်။ Quarantine Center များ စတင်ဖွင့်လှစ်ချိန်မှစ၍ အလှူရှင် အသီးသီးက နေ့စဉ်မပျက်ကျွေးမွေး လှူဒါန်းပေးလျက်ရှိကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ပေးခဲ့ရာ လှိုင်မြို့နယ်တွင် ဖွင့်လှစ်ထားရှိသော Quarantine Center (၅)ခုအတွက် နံနက်စာ၊ နေ့လည်စာ၊ ညနေစာ နေ့စဉ်ကုန်ကျ စရိတ်များမှာ (၂၂)သိန်းခန့်ရှိကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ထံမှ သိရှိရသည်။
လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉အနံ့ ပျောက်လူနာများ၊ ထိစပ်လူနာများအား ထားရှိရန် Community Based Facility Quarantine Center (၅)ခုအား အမက(၂၆)၊အလက(၅)၊ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ အတွင်းရှိ မေခဆောင်၊ ဒူးယားဆောင်၊ဇွဲ ကပင်ဆောင်တို့တွင် ဖွင့်လှစ်ထားရှိရာ အဆိုပါ အသွားအလာ ကန့်သတ်စောင့် ကြည့်နေရာများသို့ စေတနာရှင်အလှူရှင်များက နေ့စဉ်အလှူငွေ၊ ကာကွယ်ရေးသုံး ပစ္စည်းများ၊ ရေသန့်ဘူးများ၊ စားသောက်စရာများ နှင့် လိုအပ်သော အသုံးအဆောင်များ ကိုလည်း လာရောက် လှူဒါန်းလျက်ရှိကြောင်း သိရသည်။
ကြည်ဇေသော်(ပြန်/ဆက်)