တောင်ကုတ်မြို့၌ ဒုတိယအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

တောင်ကုတ် နိုဝင်ဘာ ၂၂

တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးစီးကျင်းပသော ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အလှူရှင်များ၏ ဒုတိယအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့ နံနက် (၉) နာရီအချိန်က တောင်ကုတ်မြို့ တပ်ဦးကျောင်း ဓမ္မာရုံတော်၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ပြီးနောက် နိုင်ငံတော်ဩဝါဒစရိယ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တ သူရိယဓဇ ကိုင်းရှည်စေတျာရာမကျောင်းတိုက် ဆရာတော်ကြီး အမှူးပြုသော ဆရာတော်များထံမှ ငါးပါးသီလနှင့် ပရိတ်တရားတော်များ နာယူကြသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့် အဖွဲ့ဝင်များ ၊ ခရိုင် ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အလှူရှင်များက ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္တုများကို ဆက်ကပ်လှူဒါန်းကြပြီးနောက် တပ်ဦးကျောင်း ဆရာတော်ထံမှ ကထိန်အနုမောဒနာတရား နာယူကြသည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် အလှူရှင်များက လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှ ပေးဝေပြီးနောက် အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ပူဇော်၍ အခမ်းအနားကို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)