နမ့်ဆန် အောက်တိုဘာ ၂၃
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ဘုရားကြီးကျေးရွာအုပ်စု မန်ပန်ကျေးရွာတွင် ကမ္ဘာ့လက်ဆေးခြင်းနေ့ အထိမ်းအမှတ် စနစ်တကျ လက်ဆေးခြင်း အသိပညာပေးသရုပ်ပြခြင်းနှင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအကြောင်း သိကောင်းစရာ ဟောပြောခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် (၁၀)နာရီခန့် က မန်ပန်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက် နှင့် အညီ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ပြုလုပ်ရာတွင် မြို့နက်ကြက်ခြေနီသူနာပြု တပ်ဖွဲ့ခေါင်းဆောင် ဦးခင်မောင် က ကမ္ဘာ့လက်ဆေးခြင်း အထိမ်းအမှတ်အဖြစ် ကျေးရွာများတွင် စနစ်တကျလက်ဆေးကြောခြင်း အကြောင်း သိကောင်းစရာများ၊ အစာမစားမီ လက်ကိုစနစ်တကျ ဆေးကြောပေးခြင်းဖြင့် ရောဂါပိုးကူးစက်မှုမှ ကာကွယ်ပေးနိုင်ခြင်းကို ပညာပေးရှင်းလင်းသည်။ ထို့ပြင် ကြက်ခြေနီ စေတနာလုပ်အားရှင်အဖွဲ့တို့က လက်ဆေးခြင်းနည်းလမ်းကောင်းကို သရုပ်ပြခြင်း၊ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ကျေးရွာမိဘပြည်သူများထံ ဖြန့်ဝေပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုအောင်မိုး (ရွှေဖီမြေ)