မိုင်းနောင်မြို့တွင် အမျိုးသမီးငယ်များအား (HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး စတင်ထိုးနှံပေးခြင်းများ ဆောင်ရွက်

မိုင်းနောင် အောက်တိုဘာ ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ ရပ်ကွက်နှင့်ကျေးရွာများအတွင်းရှိ အသက်(၉)နှစ်မှ အသက်(၁၀)နှစ်အထိ အမျိုးသမီးငယ်များအား (HPV)သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန် က မြို့လယ်ဓမ္မာရုံနှင့် ကျေးလက် ကျန်းမာရေးဌာနများတွင် စတင်ထိုးနှံ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် တိုက်နယ်ဆေးရုံတာဝန်ခံ ဒေါက်တာ မျိုးမင်းခိုင်နှင့် ကျန်းမာရေးဝန်ထမ်းများသည် ကာကွယ်ဆေးထိုးနှံမည့် အမျိုးသမီးငယ်များနှင့် မိခင်၊ အုပ်ထိန်းသူများအား (HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံရခြင်းနှင့် ပတ်သက် သည့် ရောဂါလက္ခဏာများ၊ ကြိုတင်ကာကွယ်ခြင်းနှင့် ကုသခြင်းများ၊ အရေးကြီး သတင်း အချက်အလက်များ၊ (HPV) ကာကွယ်ဆေး၏ အစွမ်းထက်မှုများ၊ သားအိမ်ခေါင်းကင်ဆာ၏ နောက်ဆက်တွဲပြဿနာများအကြောင်းကို ရှင်းလင်းဆွေးနွေး ပေးခဲ့သည်။

ထို့နောက် ဒေါက်တာမျိုးမင်းခိုင်နှင့် ကျန်းမာရေးဝန်ထမ်းများသည်    မိုင်းနောင်မြို့ပေါ် ရပ်ကွက်၊ လုံယန်း၊ ဝမ်စိမ်း၊ မိုင်းလင်း၊ မိုင်းရဲ ကျေးရွာအုပ်စုများမှ အသက်(၉)နှစ်မှ (၁၀)နှစ်အထိ အမျိုးသမီးငယ် စုစုပေါင်း(၂၆၅)ဦးကို (HPV) ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

မိုင်းနောင်(ပြန်/ဆက်)