သထုံ နိုဝင်ဘာ ၂၂
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတမြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက်ပိုင်းက သထုံမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ သင်ကြားသင်ယူမှုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရွှေဝါလှိုင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာပညာရပ်များသာမက ပြင်ပစာအုပ်၊ စာပေတို့ကို လေ့လာခြင်းဖြင့် အသိပညာများဖွံ့ဖြိုးပြီး နိုင်ငံ့သားကောင်းလူငယ်များဖြစ်လာရေး ဆွေးနွေးအမှာစကားပြောကြားသည်။
ဆက်လက်၍ စကားဝိုင်းကိုကျင်းပရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက လူငယ်စကားဝိုင်းပြုလုပ်ပေးရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အစီအစဉ်တင်ဆက်သူအဖြစ်ဆောင်ရွက်ရာ အ.ထ.က(၃) သထုံကျောင်းမှ Grade-10 နှင့် Grade -11 ကျောင်းသား၊ ကျောင်းသူ လေးဦးတို့က "လူငယ်နှင့်လူမှုဆက်ဆံရေး" "လူငယ်နှင့်ကျန်းမာရေး" "လူငယ်နှင့်ကိုယ်ကျင့်တရား" "လူငယ်နှင့်မူးယစ်ဆေး" ခေါင်းစဉ်တို့ဖြင့် ၎င်းတို့ဖတ်ရှုလေ့လာထားသည့် စာရေးသူ၏ဆိုလိုရင်းနှင့် ၎င်းတို့၏ အတွေ့အကြုံများ၊ အတွေးအခေါ်များတိုကို ကျယ်ကျယ်ပြန့်ပြန့် မျှဝေဆွေးနွေးကြရာ အစီအစဉ်တင်ဆက်သူက ပြန်လည်ဖြည့်စွက်ဆွေးနွေးပေးခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို မေးမြန်းကြရာ စကားဝိုင်းပါဝင်ဆွေးနွေးသူတို့က ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း (သထုံ)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)