ကျိုက်ထို နိုဝင်ဘာ ၂၂
မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊Community Center ၌ ကျင်းပပြုလုပ်ခဲ့သည်။ ဆွေးနွေးပွဲတွင် လူမှုဝန်ထမ်းဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်သီတာလွင်မှ အဖွင့်အမှာစကားပြောကြားပြီး အမျိုးသမီးကဏ္ဍနှင့်ပတ်သက်သည့်အကြောင်းကို လည်းကောင်း၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာကုလသမဂ္ဂ သဘောတူစာချုပ်အကြောင်းကိုလည်းကောင်း၊ အမျိုးသမီးများအား အကြမ်းဖက်မှုမှကာကွယ်ခြင်းအကြောင်းကိုလည်းကောင်း ဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် ဒုတိယဦးစီးမှူးဒေါ်ဇင်မာမိုးမှ အမျိုးသားနှင့် အမျိုးသမီးများသာ တူညီမျှဖြစ်မှုနှင့် တန်းတူညီမျှဖြစ်မှုအကြောင်းကိုလည်းကောင်း၊ လူမှုဝန်ထမ်း (၃)ဒေါ်ငုရတနာသိန်းက အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်ဖြစ်ပေါ်လာပုံ နောက်ခံသမိုင်းအကြောင်းကိုလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးဟောပြောပြီး တက်ရောက်လာကြသူများအား အမျိုးသမီးအကြမ်းဖက်မှုနှင့်သက်ဆိုင်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျိုက်ထို (ပြန်/ဆက်)