ပုသိမ်ကြီးမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းလမ်းညွှန်သင်တန်းကျင်းပ

ပုသိမ်ကြီး အောက်တိုဘာ ၂၃


မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းလမ်းညွှန်သင်တန်းကို အောက်တိုဘာ ၁၉ရက်မှ ၂၃ရက်နေ့ထိ ၅ရက်တာ အထက ပုသိမ်ကြီးကျောင်းရှိ ဘုရင့်နောင် စာသင်ဆောင်၌ သင်တန်းပို့ချလျက်ရှိသည်။
အဆိုပါ သင်တန်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအညီ သင်တန်းပို့ချ လျက်ရှိပြီး၊ တစ်ရက်လျှင် သင်တန်းသား/သူပေါင်း (၉၅)ဦး အား အခန်း(၄)ခန်းတွင် သင်တန်းဆရာ ၅ဦးက သင်ကြားပို့ချလျှက်ရှိကာ စုစုပေါင်း သင်တန်းသား/သူ (၄၇၅)ဦး ရှိပြီး၊ သင်တန်း တက်ရောက်ပြီးသောသူများမှ မိမိ တာဝန်ကျရာ မဲရုံအသီးသီးတို့ရှိ ပူးတွဲတာဝန်ကျသူများဖြင့် ဆင့်ပွား သင်တန်း ပြန်လည်ပို့ချကြမည်ဖြစ်သည်။
ဆက်လက်၍ အခြေခံပညာဦးစီးဌာနမှ သင်တန်းတက်ရောက်နေသော ဆရာ/ဆရာမများနှင့် ရပ်/ကျေးသင်တန်းသားများအား မြို့နယ်ပညာရေးမှူး ဦးအာင်သိန်းထွန်း၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင့်လွင်ဦး နှင့် တာဝန်ရှိသူများက သင်တန်းကာလအတွင်း နေ့စဉ် အမှာစကား ပြောကြားပေးလျက်ရှိသည်။ ပုသိမ်ကြီးမြို့နယ်တွင် မဲရုံပေါင်း(၁၃၉)ရုံ၊ ဆန္ဒမဲပေးနိုင်သည့် မဲဆန္ဒရှင်ပြည်သူပေါင်း (တစ်သိန်းရှစ်သောင်း)ခန့် ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင့်လွင်ဦး ထံမှ သိရသည်။

ဇာနည်ကိုကို