ဘီးလင်း နိုဝင်ဘာ ၂၂
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူငယ်ရေးရာကော်မတီနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများစာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီက အ.ထ.က(ဘီးလင်း)ကျောင်း ပညာ့အားမာန်ခန်းမ၌ ကျင်းပပြုလုပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးစိုးဌေးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက်ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးမျိုးမျိုးစံက လူငယ်စကားဝိုင်းပြုလုပ်ပေးရသည့် ရည်ရွယ်ချက်နှင့် ထူးချွန်လူငယ်များပေါ်ထွန်းလာစေရေးကို ဆွေးနွေးပြောကြားပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူးဒေါ်သန်းသန်းရွှေက လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ပြီး မြို့နယ်အားကစားနှင့်ကာယပညာဉီးစီးဌာနမှ ဦးစီးအရာရှိဒေါ်သန်းသန်းရွှေနှင့်အတူ အ.ထ.က(ဘီးလင်း)ကျောင်း (Grade -11 )မှ မသက်ထားစံ၊ မသီတာကြည်၊ မလရိပ်ဝေနှင့် မောင်တင်ကိုကိုတို့က “လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး”၊ “လူငယ်နှင့်အထက်တန်းစားစိတ်ဓါတ်”၊ “လူငယ်နှင့်ပရဟိတ” ၊ “ပလတ်စတစ်ညစ်ညမ်းမှုကြောင့် ဇီဝမျိုးစုံမျိုးကွဲနှင့်အဏ္ဏဝါဂေဟစနစ်ထိခိုက်မှု”၊ ခေါင်းစဉ်တို့ဖြင့် ၎င်းတို့ဖတ်ရှုမှတ်သားလေ့လာထားသည်များကို ကျယ်ကျယ်ပြန့်ပြန့် မျှဝေဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဆွေးနွေးပွဲသို့တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ဦးဆောင်ဆွေးနွေးသူတို့က ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ အ.ထ.က(ဘီးလင်း)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိမှတ်ဖွယ်ရာနံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသူတို့က စိတ်ပါ ဝင်စားစွာဖြင့် ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)