ညောင်ဦး နိုဝင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရွှေစည်းခုံစေတီတော်ကြီးကို နိုဝင်ဘာ ၂၇ ရက်၊ တန်ဆောင်မုန်းလပြည့်နေ့ ညဦးပိုင်း၌ ဆီမီးငါးထောင်ကပ်လှူ ပူဇော်သွားမည်ဖြစ်ကြောင်း ရွှေစည်းခုံစေတီတော် ဂေါပကတာဝန်ရှိသူများထံက သိရသည်။
ရွှေစည်းခုံစေတီတော်ကြီး၏ (၉၆၄)ကြိမ်မြောက် တန်ဆောင်တိုင် ဗုဒ္ဓပူဇနိယပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားဖြစ်ကာ တန်ဆောင်မုန်းလပြည့်နေ့ ညဦးပိုင်း ၇ နာရီအချိန် ၌ ဆီမီးငါးထောင် ကပ်လှူပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။ ရွှေစည်းခုံစေတီတော်ကြီး၏ (၉၆၄)ကြိမ်မြောက် တန်ဆောင်တိုင် ဗုဒ္ဓပူဇနိယပွဲတော်ကို နိုဝင်ဘာ ၂၃ ရက်မှ ဒီဇင်ဘာ ၃ ရက်နေ့အထိ စေတီတော်ပရဝုဏ်အတွင်းရှိ ရှင်အရဟံသိမ်တော်ကြီးအတွင်း သံဃာတော်အရှင်သူမြတ်များမှ အသံမစဲပဋ္ဌာန်းတရားတော်များကို ရွတ်ဖတ်ပူဇော်ခြင်း၊ နိုဝင်ဘာ ၂၇ ရက်နေ့နံနက်ပိုင်းတွင် ရွှေစည်းခုံစေတီတော်ဘုရားကြီး အင်္ဂါထောင့်မဏ္ဍပ်အတွင်းတွင် ညောင်ဦးမြို့နယ်အတွင်းရှိ သံဃာ တော်သာမဏေအပါး (၇၁၄)ပါးတို့အား ဆွမ်းသပိတ်လုံးနှင့် ငွေပဒေသာ ပင်များဆက်ကပ်လှူ ဒါန်းခြင်း၊ နိုဝင်ဘာ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် (၃၇) နတ်နန်းရှေ့တွင် အတွင်း(၃၇)မင်း အပြင်(၃၇)မင်းတို့အား ပူဇော်ပသသည့် နတ်ကနားပွဲကျင်းပခြင်း၊ တန်ဆောင်မုန်းလပြည့်၊ နိုဝင်ဘာ ၂၇ ရက်နေ့တွင် ညောင်ဦးမြို့နယ်အတွင်း၊ ညောင်ဦးမြို့နယ် ပြင်ပကုသိုလ်ရှင်များမှ ဆွမ်းသပိတ်လုံး၊ ငွေပဒေသာပင်နှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ တန်ဆောင်မုန်းလပြည့်နေ နံနက်အချိန်တွင် စေတီတော်ကြီးအား ဗုဒ္ဓဘိသေက ဘုရားအနေကဇာတင်ခြင်း၊ တန်ဆောင်မုန်းလပြည့်နေ ညအချိန်တွင် ဆီမီးငါးထောင်ဆက်ကပ်ပူဇော်ခြင်း၊ နိုဝင်ဘာ ၃ ရက်နေ့တွင် ညောင်ဦးမြို့ အမှတ်(၄)နယ်မြေအတွင်းရှိရပ်ကွက်များက ငွေဆွမ်းလောင်းလှူရန်စီတန်းလှည်လည်၍ စေတီတော်ကြီးသို့ လာရောက်ထည့်ဝင် လှူဒါန်းကြခြင်း၊ နိုဝင်ဘာ ၅ ရက်နေ့တွင် ညောင်ဦးမြို့ အမှတ်(၅)နယ်မြေအတွင်းရှိ ရပ်ကွက်များက ငွေဆွမ်းလောင်းလှူရန်စီတန်းလှည်လည်၍ စေတီတော်ကြီးသို့လာရောက် ထည့်ဝင်လှူဒါန်းကြခြင်းများနှင့် စေတီတော်ကြီးတောင်ဘက်ကွင်းတွင် စုပေါင်းဈေးရောင်းပွဲတော်တို့ဖြင့် အစဉ်အလာမပျက်ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
ဒီပါလင်း