အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကျင်းပ

မော်လမြိုင် နိုဝင်ဘာ ၂၂

မွန်ပြည်နယ်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ မွန်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးမျိုးဆွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စီမံကိန်းလုပ်ငန်းအကောင်အထည်ဖော်ရေး ကော်မတီဝင်များ၊ သင်တန်းသား/သူများ တက်ရောက်သည်။

အခမ်းအနားတွင် မွန်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးမျိုးဆွေက ယခုစီမံကိန်းအား မွန်ပြည်နယ်အတွင်းရှိ ကျေးရွာ (၈) ရွာအားရွေးချယ်ပြီး ဒေသအလိုက်ပေါများစွာ ထွက်ရှိတဲ့ကုန်ကြမ်းများအပေါ် မူတည်၍လည်းကောင်း၊ ဒေသခံပြည်သူများ၏ လိုအပ်ချက်အရသော်လည်းကောင်း သင်တန်းအမျိုးအစားများ ရွေးချယ်ဖွင့်လှစ်ပေးခဲ့ပါကြောင်း၊ အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်တန်းတက်မြောက်စေပြီး အမှန်တကယ်လုပ်ငန်းထူထောင်နိုင်ရန်ဖြစ်ပါကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများသည် နိုင်ငံစီးပွားရေးအတွက် အဓိကမောင်းနှင်အားဖြစ်တဲ့အတွက် MSME လုပ်ငန်းများကို အားပေးကူညီခြင်းက နိုင်ငံရဲ့စီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်ရာရောက်မည်ဖြစ်ပါကြောင်း၊ ပြည်ပသွင်းကုန်ပမာဏကို လျှော့ချပြီး ပြည်တွင်းထုတ်ကုန်ပမာဏကို တိုးမြှင့်ရန်လိုအပ်ပါကြောင်း၊ ထွက်ရှိလာတဲ့ ကုန်ချောပစ္စည်းများကို အရည်အသွေးကောင်းမွန်စွာနဲ့ ဖြန့်ဖြူးရောင်းချနိုင်အောင် ပြည်တွင်းမှာသာမက ပြည်ပဈေးကွက်အထိ ထိုးဖောက်နိုင်အောင်ကြိုးစားကြရမှာဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့​နေက် မွန်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးမျိုးဆွေက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း သုံးပစ္စည်းများအား လုပ်ငန်းထူထောင်မည့်သူ သင်တန်းသား/သူ (၁၀) ဦးထံပေးအပ်ခဲ့ပြီး လုပ်ငန်းထူထောင်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသော သင်တန်းသား၊ သင်တန်းသူများနှင့် အမှတ်တရဓာတ်ပုံရိုက်ကူး၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများကို ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

စည်သူ (ပြန်/ဆက်)