သံဖြူဇရပ်မြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အသိပညာပေးပွဲပြုလုပ်

သံဖြူဇရပ် နိုဝင်ဘာ ၂၂

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအတွက် သဘာဝဘေးအန္တရာယ်ကာကွယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးပညာပေးအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း (ပညာ့ဗိမာန်)ခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ မွန်ပြည်နယ် မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းက စာသင်ကျောင်းအခြေပြုမီးဘေးလုံခြုံရေး အသိပညာပေးအစီအစဥ်များကို ဆောင်ရွက်ပေးလျက်ရှိပြီး သဘာဝဘေးနှင့် ရင်ဆိုင်ကြုံတွေ့လာပါက လိုက်နာနေထိုင်ဆောင်ရွက်ရမည့် နည်းလမ်းများ၊ အသိပညာဗဟုသုတများနှင့် ပတ်သက်၍ ရှင်းလင်း​ပြောကြားသည်။

ထို့နောက် ပြည်နယ်မီးသတ်ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ယမင်းလှိုင်က ကျောင်းသား၊ ကျောင်းသူများ စိတ်ဝင်စားဖွယ်ဂိမ်းကစားနည်း ၉ မျိုးအကြောင်းကို ရှင်းလင်းပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများ ကိုယ်တိုင်ပါဝင်ကစားရသည့်အတွက် သဘာဝဘေးအန္တရာယ်ကာကွယ်လျှော့ချရေး၊ ပညာပေးအစီအစဥ်ကို သံဖြူဇရပ်မြို့နယ်အတွင်းရှိ အမှတ်(၁)နှင့် (၂)အခြေခံပညာအထက်တန်းကျောင်းတို့တွင် ယနေ့ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မီးဘေးကစားနည်းများဖြစ်သည့် သတ်မှတ်ထားသောပစ်မှတ်ဆီသို့ မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြိမ်းသတ်ရသောကစားနည်း၊ မီးလောင်မီးငြိမ်းသတ်ရေးကတ်များကိုအသုံးပြု၍ ကစားနည်း၊ စောင်ကိုအသုံးပြု၍ လူနာသယ်ဆောင်ကစားနည်း၊ အိမ်၌ရှိသောပစ္စည်းများနှင့် ရှေးဦးသူနာပြုစုရမည့်ကစားနည်း၊ ရေသန့်ဘူးအသုံးပြု၍ အသက်ကယ်အင်္ကျီပြုလုပ်နည်း၊ သဘာဝဘေးအန္တရာယ်ကျရောက်သည့်အခါ ယူဆောင်သွားရမည့်ပစ္စည်းများကို စဥ်းစားတတ်စေရန်ကစားနည်း၊ ကြိုးကလေးပုံပြင်စသည့် ကစားနည်းများကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ပါဝင်ကစားခဲ့ကြပြီး ထူးချွန်စွာကစားနိုင်ခဲ့သော ကလေးများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းနှင့် အခမ်းအနားအပြီးတွင် ခေတ်မီမီးငြိမ်းသတ်ယာဥ်စက်များနှင့် ခေတ်မီရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး အထောက်အကူပြုပစ္စည်းများကို လက်တွေ့ကိုယ်တိုင်လေ့လာကြည့်ရှုနိုင်ရန် ခင်းကျင်းပြသပေးခဲ့​ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)