မန္တလေးမြို့အခြေစိုက်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကောင်စစ်ဝန်ချုပ်ရုံးနှင့် မန္တလေးမြို့ ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းတို့ ပူးပေါင်း၍ မန္တလေးမြို့ရှိ လူမှုရေးအသင်းအဖွဲ့များသို့ ဆန်၊ ဆီနှင့် ပဲများ လှူဒါန်း

မန္တလေး  နိုဝင်ဘာ ၂၁

မန္တလေးမြို့ အခြေစိုက်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကောင်စစ်ဝန်ချုပ်ရုံးနှင့် မန္တလေးမြို့ ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းတို့ ပူးပေါင်း၍ မန္တလေးမြို့ရှိ လူမှုရေးအသင်းအဖွဲ့များသို့ ဆန်၊ ဆီနှင့် ပဲများ လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မန္တလေး၊ချမ်းမြသာစည်မြို့နယ်၊ ၇၃လမ်း၊ မင်္ဂလာမန္တလေးရှိ တရုတ်ကောင်စစ်ဝန်ရုံးရှေ့တွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မန္တလေးအခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှ ဒုတိယကောင်စစ်ဝန် မစ္စတာ Mr Zhang Wei နှင့် ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်း ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ထွန်းတို့က လှူဒါန်း ရခြင်းအကြောင်း ရှင်းလင်းပြောကြားကြပြီး ချမ်းမြသုခ လူမှုရေးအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်မျိုးထိုက်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် ဒုတိယကောင်စစ်ဝန်ချုပ်နှင့် ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်း ဂေါပကအဖွဲ့ ဥက္ကဋ္ဌတို့က နားမကြားသာ ကလေးများကျောင်း၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးကျောင်း၊ အမျိုးသမီးကလေးများသင်တန်းကျောင်း၊ အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်း၊ ကလေးပြုစုရေးဌာန၊ YGW ပုသိမ်ကြီးမိဘမဲ့ကျောင်း၊ YGW မိဘမဲ့ကျောင်း(စက်မှုဇုန်_၂)၊ ဧရိပ်မွန် မိဘမဲ့ကျောင်း၊ ငါးစို့တိုက် မိဘမဲ့ကျောင်း၊ ချမ်းမြသာယာဘိုးဘွားရိပ်သာ၊ ချမ်းမြသုခ ဂီလာန ဘိုးဘွားရိပ်သာ၊ YGW ထူးမတောင် ဘိုးဘွားရိပ်သာ နှင့် မန်းတောင်ခြေ ဘိုးဘွားရိပ်သာ စုစုပေါင်း အသင်းအဖွဲ့ (၁၃)ခုတို့အား ၂၄ ပြည်ဝင် ဆန်အိတ်ပေါင်း (၆၉၅)အိတ်၊ဆီ (၂၃၇၀)ပိဿာ၊ ၁၃ ပိဿာဝင် ကုလားပဲအိတ် (၂၅၅)အိတ်နှင့် ၁၃ ပိဿာဝင် မြေထောင်ပဲ (၁၃၃)အိတ်၊ စုစုပေါင်းတန်ဖိုး ငွေကျပ်သိန်းတစ်ထောင်ကျော်ကို  ပေးအပ်လှူဒါန်းကြရာ သက်ဆိုင်ရာ အသင်းအဖွဲ့များ၊ သင်တန်းကျောင်းများက လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပြန်လည် ပေးအပ်ကြသည်။

ထို့နောက် ဒုတိယကောင်စစ်ဝန်ချုပ်နှင့်တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်  အမှတ်တရ စုပေါင်းဓါတ်ပုံ ရိုက်ကူးကြသည်။

အခမ်းအနားသို့ မန္တလေးအခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှ တာဝန်ရှိသူများ၊ ယူနန်ဗုဒ္ဓ ဘာသာဘုရားကျောင်း ဂေါပကအဖွဲ့ဝင်များ၊ တရုတ်-မြန်မာချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးပိုမြင့်နှင့် အသင်းဝင်များ၊ လူမှုရေးအသင်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်များ၊ လူမှု ဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ သင်တန်းကျောင်းနှင့် ပြုစုရေးဌာနတို့မှ ကျောင်းအုပ်ကြီးများ၊ ဝန်ထမ်းများ ဖိတ်ကြားထားသူများနှင့် မီဒီယာများတက်ရောက်ကြကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်မြေသာစံ၊ပြန်/ဆက်)