မိုင်းဆတ် အောက်တိုဘာ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပုံးများအား စစ်ဆေး၍ လုံခြုံရေးကြိုးများဖြင့် ချိတ်ပိတ်ခြင်း ကို ယနေ့နံနက် (၁၀)နာရီ က မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဒေါနယ်သိန်း က ကြိုတင်ဆန္ဒမဲများ ရောက်ရှိလာပါက စနစ်တကျထားရှိဆောင်ရွက်ရမည့် အခြေအနေ၊ ကြိုတင်ဆန္ဒမဲပုံး ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ကြိုတင်ဆန္ဒမဲ လက်မှတ်အိတ်များအား ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေနှင့်အညီ ထိန်းသိမ်းသွားမည့် အခြေအနေများကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲအဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်နန်းဝိုခမ်း က ကြိုတင်မဲလက်မှတ်များနှင့် ပတ်သက်၍ ဆောင်ရွက်မည့်အခြေအနေများ၊ ကြိုတင်ဆန္ဒမဲပုံး လုံခြုံရေးကြိုးချိတ်ပိတ်ပုံများကို အသေးစိတ်ရှင်းလင်းပြောကြားပြီး ကြိုတင်မဲလက်မှတ်များကို ကြိုတင်ဆန္ဒမဲပုံးအတွင်း ထည့်သွင်းပြီး လဲလှယ်ခြင်း၊ ပြောင်းလဲခြင်းများ မပြုလုပ်နိုင်ရန် မူလဆန္ဒပြုထားသည့်အတိုင်း ထည့်သွင်းသိမ်းဆည်းနိုင်ရေးအတွက် ကြိုတင်ဆန္ဒမဲပုံးလုံခြုံရေး ကြိုး၏ ကုဒ်နံပါတ်များကို နိုင်ငံရေးပါတီကိုယ်စားလှယ်များ က မှတ်တမ်းရယူခဲ့ကြပြီး တက်ရောက်လာသော နိုင်ငံရေးပါတီကိုယ်စားလှယ် (၁၂)ဦးရှေ့တွင် ကြိုတင်ဆန္ဒမဲပုံးအား လုံခြုံရေးကြိုးချိတ်ပိတ်တပ်ဆင်ခဲ့ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)