ရန်ကုန် အောက်တိုဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ မဲရုံများတွင် တာဝန်ထမ်း ဆောင်ကြ မည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းအချိန်က တာမွေမြို့နယ်ရှိ အမှတ်(၂)အခြေခံပညာအထက် တန်းကျောင်း အုန်းတောခန်းမ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဦးတင်ရှိန်မှ အဖွင့်အမှာစကား ပြောကြားရာ တွင် "ယခုဖွင့်လှစ်တဲ့ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး သင်တန်းမှ မဲရုံမှူး၊ ဒုတိယ မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် သင်တန်းသားများအနေဖြင့် သင်တန်းမှ ပို့ချလိုက်တဲ့ သင်ခန်းစာတွေကို သေချာမှတ်သားထားပြီး လက်တွေ့နယ်ပယ် တွင် ထိရောက်အကျိုးရှိစွာ အသုံးချစေချင်ပါကြောင်း" စသည်ဖြင့် အားပေးစကား ပြောကြားခဲ့ပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်အေးက " ယခုအချိန်တွင် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းမြင့်မားနေသည့် ကာလဖြစ်တာကြောင့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့မှာ ကျင်းပမည့် ရွေးကောက်ပွဲဟာ ယခင်က ကျင်းပပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေထက် စီစဉ်ရမှုအပိုင်းမှာ အခက်အခဲ အနည်းအငယ်ရှိပါ ကြောင်း၊ ဒါ့အပြင် မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ မဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး ညွှန်ကြားချက်များကို တိတိ ကျကျ လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မြို့နယ်အတွင်းရှိ အသွားအလာကန့်သတ်စောင့်ကြည့် ရေးစခန်းများ၌ ရောက်ရှိနေသော ပြည်သူများနှင့် အသက်အရွယ်ကြီးရင့်သူများအနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး အတွက် ကြိုတင်ဆန္ဒမဲပေးနိုင်ရေးကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း" စသည်ဖြင့် ပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဝင်းအောင်က "၂၀၂၀ ပြည့်နှစ် ပါတီစုံဒီ မိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ အနေဖြင့်လည်း အားသွန်ခွန်စိုက် ပူးပေါင်းဆောင်ရွက် ပေးကြစေလိုကြောင်း" နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် တာမွေမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ၂၀၂၀ ပြည့်နှစ် ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရာ၌ မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ မဲရုံများတွင် တာဝန်ထမ်း ဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေများ၊ မဲရေ တွက်ခြင်း၊ မဲရုံအဖွဲ့ ဖွဲ့စည်းခြင်းနှင့် တာဝန်များ၊ မဲရုံကြိုတင်ပြင်ဆင်ခြင်း၊ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများမှ စာရွက်စာတမ်းနှင့် ဆက်စပ်ပစ္စည်းများ လွှဲပြောင်းလက်ခံခြင်း၊ မဲရုံမှူး၊ ဒုတိယ မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ လုပ်ငန်းတာဝန်များ၊ ပုံစံ(၁၆) လက်တွေ့လေ့ကျင့် သရုပ်ပြဆောင်ရွက်ခြင်း၊ မဲပေးခြင်းနှင့် မဲရုံတွင် အသုံးပြုသည့် ပုံစံများ၊ မဲရလဒ်များ ထုတ်ပြန်ခြင်းနှင့် ဆောင်ရန်/ ရှောင်ရန်များ၊ မဲရုံသရုပ်ပြ ပြသခြင်း၊ မဲရုံမဖွင့်မီ၊ မဲရုံဖွင့်ချိန်နှင့် မဲရုံပိတ်ချိန်များတွင် မဲရေတွက် ထုပ်ပိုးခြင်းနှင့် စနစ်တကျ အပ်နှံခြင်းဆိုင်ရာ မဲရုံလုပ်ငန်းစဉ်များအား စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေမှာ အောက်တိုဘာလ (၂၂)ရက်နေ့အထိ (၁၂၇၀၀၀) ကျော်ရှိပြီး မဲရုံ(၁၂၃)ရုံရှိ၍ အဆိုပါမဲရုံများတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် (၄၀၉)ဦးတို့ကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး ညွှန်ကြားချက်များနှင့် အညီ တစ်နေ့လျှင်(၁၈၀)ဦးနှုန်းဖြင့် နံနက် (၉)နာရီမှ ညနေ(၅)နာရီအထိ (၃)ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
နိုင်လင်းအောင်(ပြန်/ဆက်)