ရပ်စောက်မြို့နယ်၌ မဲရုံမှူး၊ဒုမဲရုံမှူးများကို ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး သင်တန်းဖွင့်လှစ်

ရပ်စောက် အောက်တိုဘာ ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးမှူး၍ ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး သင်တန်း ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီအချိန် က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဇော်မင်းလတ် က အဖွင့်အမှာစကားနှင့် သင်တန်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များက ရွေးကောက်ပွဲနှင့် မဲရုံဆိုင်ရာကိစ္စရပ်များ၊ ရွေးကောက်ပွဲနေ့ပြင်ဆင်ခြင်း၊ ရွေးကောက်ပွဲကျင်းပသည့်နေ့ မဲရုံပိတ်ခြင်းနှင့် မဲရေတွက်ခြင်း၊ ရွေးကောက်ပွဲလုံခြုံရေး၊ မဲရုံသုံးပုံစံများရေးသွင်းခြင်းနှင့် ရွေးကောက်ပွဲတာဝန်ရှိသူများ စစ်ဆေးရန်အတွက် အချက်အလက်ဆိုင်ရာများကို သင်တန်းပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ပြီး မြို့ပေါ်(၈) ရပ်ကွက်၊ ကျေးရွာအုပ်စု (၄)အုပ်စုရှိ မဲရုံ(၂၂)ရုံတွင် တာဝန်ထမ်းဆောင် ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူးများ(၄၄)ဦး တက်ရောက် ခဲ့သည်။

သင်တန်းကာလကို အောက်တိုဘာလ (၂၃)ရက်နေ့မှ (၂၅)ရက်နေ့အထိ ရပ်စောက်မြို့နယ်အတွင်း မဲရုံ(၈၄)ရုံအတွက် မဲရုံမှူး(၈၄)ဦး၊ ဒုမဲရုံမှူး(၈၄)ဦး စုစုပေါင်း(၁၆၈)ဦးတို့အား ၃ဖွဲ့ခွဲ၍ တစ်ရက်လျှင် တစ်ဖွဲ့နှုန်းဖြင့် (၃)ရက်ကြာ ဆက်လက် ပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

စိုင်းမြတ်ကျော်စိုး(ပြန်/ဆက်)