ရန်ကုန် အောက်တိုဘာ ၂၃
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ကျန်းမာရေးစောင့်ရှောက်မှု များ ဆောင်ရွက်ပေးနိုင်ရန်အတွက် လူထုအခြေပြုဖျားနာကု အခမဲ့ဆေးခန်း (Fever Clinic)ကို ယနေ့ နံနက် (၉)နာရီက အထက(၄)သင်္ဃန်းကျွန်း လေးထောင့်ကန်ရပ်ကွက် ပြည်တော်အေးလမ်းတွင် ဖွင့်လှစ် ခဲ့သည်။
အဆိုပါဆေးခန်းကို နံနက် (၉) နာရီမှ နေ့လယ်(၁၂) နာရီထိ ဗုဒ္ဓဟူး၊ သောကြာ၊ တနင်္ဂနွေ တစ်ပတ်လျှင် သုံးရက် ဖွင့်လှစ်ကုသပေးသွားမည်ဖြစ်သည်။ ဖျားနာကုဆေးခန်း လာပြသူများထဲတွင် ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာရှိသူများ၊ ကိုဗစ်-၁၉ ရောဂါအတွက် ဆေးစစ်ဖို့အချက်အလက်များနဲ့ အကျုံးဝင်သူများ ကို AYEYARWADDY TEST and CARE CENTRE သို့ဆေးစစ်ရန် ချိတ်ဆက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး ရောဂါလက္ခဏာများ ပြင်းထန်ပါက သင်္ဃန်းကျွန်း (စံပြ) ဆေးရုံကြီးသို့ လွှဲပြောင်း ကုသပေးမှာ ဖြစ်ပါတယ်။ မလိုအပ်ဘဲ ထိတွေ့၊ ကူးစက်မှာ စိုးရိမ်သဖြင့် ဖျားနာ၊ ချောင်းဆိုး၊ အနံ့ပျောက်နဲ့ ကိုဗစ်-၁၉ သံသယလက္ခဏာရှိတဲ့သူများသာ လာပြကြဖို့ လေးစားစွာ မေတ္တာရပ်ခံပါကြောင်း ဒေါက်တာကျော်စွာဦး က ပြောကြားခဲ့သည်။
ဆေးခန်းဖွင့်လှစ်ရာသို့ သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်နှင့် ကော်မတီဝင်တို့က သွားရောက်ကြည့်ရှု အားပေးခဲ့ကြပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ရဲမင်းထွန်း (ပြန်/ဆက်)