တောင်သမန်ဦးပိန်တံတား ရေရှည်တည်တံ့ခိုင်မြဲရေး ပြုပြင်တည်ဆောက်ရေးလုပ်ငန်း ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ချမ်းအေးသာစံ နိုဝင်ဘာ ၂၁

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တောင်သမန်အင်းတွင်တည်ရှိသော ရှေးဟောင်းသမိုင်းဝင်ယဉ်ကျေးမှု အမွေအနှစ်တစ်ခုဖြစ်သည့် တောင်သမန်ဦးပိန်တံတား ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ပြုပြင်တည်ဆောက်ရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး (၂)ထပ်ဆောင် အစည်းအဝေးခန်းမတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊  လုပ်ငန်းကော်မတီမှတာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ဦးပိန်တံတားကြီးပေါ်သို့ လည်ပတ်ကြသူများဖြင့် နေ့စဉ်စည်ကားပြီး နေ့ထူးနေ့မြတ်ရက်များ၌ ပိုမိုများပြားလျက်ရှိရာ တံတားကြီးရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ထိန်းသိမ်းပြုပြင်ရန်လိုအပ်သည့်နေရာများကို အမြန်ဆုံးဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဦးပိန်တံတားရေရှည်တည်တံ့ခိုင်မြဲရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ကြီးကြပ်မှုဖြင့် ပြုပြင်တည်ဆောက်ရေး လုပ်ငန်းကော်မတီကိုဌာနများမှ အင်ဂျင်နီယာပညာရှင်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ ပါဝင်ဖွဲ့စည်း၍ တာဝန်ပေးထားပြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျဆောင်ရွက်ရေး၊ တိုင်ဆွေးတိုင်ကျိုးများ လဲလှယ်ရာတွင်အစားထိုးမည့် ကျွန်းတိုင်များတောင်းခံရာ၌ သယံဇာတနှင့်သဘာဝပတ်ဝန်ကျင်းထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ရသည့်အတွက် အမှန်လိုအပ်သည့်အရေအတွက်ဖြစ်စေရေးနှင့် အကြိမ်ကြိမ်တောင်းခံမှုမျိုးမဖြစ်စေရေး၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေး)မှ စနစ်တကျကြပ်မတ်ဆောင်ရွက်ရေး၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးနှင့်လုပ်ငန်းများ အမြန်ဆုံးပြီးစီးရေးတို့ကို အလေးထားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြားမှုမရှိစေရေး သက်ဆိုင်ရာဌာနများအချင်းချင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ လိုအပ်သည်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖြည့်ဆည်းဆောင်ရွက် ပေးနေပါကြောင်း ပြောကြားခဲ့သည်။

၎င်းနောက် ဦးပိန်တံတား ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ပြုပြင်တည်ဆောက်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ(၁)၊ သယံဇာတရေးရာဝန်ကြီးဦးရွှေဇင်က ဉီးစားပေးအဆင့်များသတ်မှတ်၍ လုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်ကို ဆွေးနွေးတင်ပြပြီး လုပ်ငန်းကော်မတီအဖွဲ့ဝင်များမှ တာဝန်ရှိသူများက ကဏ္ဍအလိုက်ဆောင်ရွက်နေမှု၊ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များနှင့် ဆွေးနွေးတင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း  သိရှိရသည်။

ထွန်းထွန်းနိုင်