မက်မန်းမြို့တွင် စုပေါင်းမဟာဘုံကထိန်အောင်ပွဲအထိမ်းအမှတ် တိုင်းရင်းသားရိုးရာ အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်

မက်မန်း နိုဝင်ဘာ ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော စုပေါင်းမဟာဘုံကထိန် အောင်ပွဲအထိမ်းအမှတ်အဖြစ် တိုင်းရင်းသားရိုးရာ အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ခြင်းကို ယမန်နေ့ညက မက်မန်းမြို့၊ ပညာဒီပကျောင်းဝန်းအတွင်းတွင် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

အဆိုပါဖျော်ဖြေပွဲတွင် မက်မန်းမြို့နယ်အတွင်းရှိ ရှမ်းတိုင်းရင်းသားများက ရိုးရာအကများဖြင့် ကပြဖျော်ဖြေခြင်း၊ “ဝ”တိုင်းရင်းသားများက ရိုးရာအကများဖြင့် ဖျော်ဖြေခြင်း၊ ရိုးရာတေးသီးချင်းများ သီဆိုဖျော်ဖြေခြင်းများလည်း ဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ ကပြဖျော်ဖြေကြသော တိုင်းရင်းသား/တိုင်းရင်းသူများကို ဒေသခံတိုင်းရင်းသားပြည်သူများ၊ ဌာနဆိုင်ရာများက ဆုများချီးမြှင့်ပေးအပ်ခဲ့ကြကြောင်းလည်း သိရသည်။

စောဥမ္မာ (ခရိုင်၊ ပြန်/ဆက်)