ကျိုက်မရောမြို့နယ်၌ ရွေ့လျားဒစ်ဂျစ်တယ်ဓာတ်မှန်စက်ဖြင့် ကွင်းဆင်းတီဘီရောဂါရှာဖွေကုသခြင်းဆောင်ရွက်

ကျိုက်မရော    နိုဝင်ဘာ   ၂၀

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား “လူတိုင်းသက်ရှည်ကျန်းမာဖို့ ပြည်သူ့ကျန်းမာရေးမြှင့်တင်စို့” အကြိုလှုပ်ရှားမှုအစီအစဥ်အရ ရွေ့လျားဒစ်ဂျစ်တယ်ဓာတ်မှန်စက်ဖြင့် ကွင်းဆင်းတီဘီရောဂါရှာဖွေကုသပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ကျိုက်မရောမြို့ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ တီဘီရောဂါရှာဖွေကုသခြင်းကို မော်လမြိုင်ခရိုင် တီဘီတိုက်ဖျက်ရေးအဖွဲ့မှ ဒေါက်တာတင်ကိုကိုထွေးဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ကျိုက်မရောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား တီဘီရောဂါ ရှိ/မရှိနှင့် တီဘီရောဂါဖြစ်ဖူးသူများ၏မိသားစုဝင်များ၊ တီဘီဝေဒနာရှင်များအားဆက်သွယ်၍ ခေတ်မီရွေ့လျားဒစ်ဂျစ်တယ်ဓာတ်မှန်စက်ဖြင့်  ကွင်းဆင်းတီဘီရောဂါရှာဖွေ ကုသခြင်းများကို အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ရွေ့လျားဒစ်ဂျစ်တယ်ဓာတ်မှန်စက်ဖြင့် တီဘီရောဂါရှာဖွေကုသခြင်းကို ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာ(၁၀)ရွာသို့ နိုဝင်ဘာ ၂၀ ရက်မှ နိုဝင်ဘာ  ၂၄ ရက်နေ့အထိ  အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ကျိုက်မရော (ပြန်/ဆက်)