ကျိုက်မရောမြို့နယ်၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းကျင်းပ

ကျိုက်မရော နိုဝင်ဘာ  ၂၀

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို  ယနေ့နံနက် ၁၀ နာရီက အ.ထ.က(ခွဲ)ကျိုက်မ​ရောကျောင်း၌ ကျင်းပပြုလုပ်သည်။

ဦးစွာ အ.ထ.က(ခွဲ)ကျိုက်မရော ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဒေါ်မိုးသန္တာထွန်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက လူငယ်များဗလငါးတန်ဖွံ့ဖြိုးစေရန်အတွက် လူငယ်စကားဝိုင်းများကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့်အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူးဦးကိုကိုဝင်းက လမ်းလျှောက်ခြင်း၏အကျိုးကျေးဇူးများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ယင်းနောက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက ဦးဆောင်ဆွေးနွေးသူအဖြစ် ပါဝင်ဆောင်ရွက်၍ Grade-12 နှင့် Grade-11 မှ ကျောင်းသား၊ ကျောင်းသူလေးဦးတို့က လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်ဆိုရှယ်မီဒီယာစသည့် ခေါင်းစဥ်များဖြင့်ပါဝင်ဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် ကျောင်းသားကျောင်းသူများက သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြသည်။

ထို့နောက်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးအောင်ပြည့်ဖြိုးက မြန်မာ့သိုင်းအားကစားဖြင့် သရုပ်ပြဖျော်ဖြေခဲ့ပြီး ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများကကြည်ရှုလေ့လာခဲ့ကြသည်။

မိချို(ပြန်/ဆက်)