ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ မြို့လုံးကျွတ်စုပေါင်းမဟာဘုံကထိန်ပွဲတော် ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဟိုပုံး အောက်တိုဘာ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့လုံးကျွတ်စုပေါင်းမဟာဘုံကထိန်ပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် မဟာဘုံကထိန်ပွဲတော်သည် ဗုဒ္ဓဘာသာတို့၏ ထင်ရှားသည့်ဘာသာရေးပွဲ တစ်ခုဖြစ်ပါကြောင်း၊ ပွဲတော်ကျင်းပမည့်ကော်မတီများလည်း ဖွဲ့စည်းထားပြီးဖြစ်သည့်အတွက် အားနည်းချက်များမရှိစေရေး ကော်မတီဝင်များအချင်းချင်း ပူးပေါင်းဆောင်ရွက်ရန်၊ လိုအပ်ချက် များညှိနှိုင်းပေါင်းစပ်ရန်တို့ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းက စုပပေါင်းမဟာဘုံက ထိန်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ထားသည့်အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြားပြီးနောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ အဆိုပါ မြို့လုံးကျွတ်မဟာဘုံကထိန်ပွဲတော်ကို ဒေသအဆင့်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့ပေါ်(၆)ရပ်ကွက်ရှိ ဒေသခံပြည်သူများစုပေါင်း၍ တန်ဆောင်မုန်းလဆန်း(၁၄)ရက်နေ့တွင် အတုလမာန်အောင် ဘုန်းတော်ကြီးကျောင်းတွင် ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။   

ပအိုဝ်းဒေသ(ပြန်/ဆက်)