မော်လမြိုင် နိုဝင်ဘာ ၂၀
၂၀၂၃ ခုနှစ် (၃၄)နှစ်မြောက်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအထိမ်းအမှတ်(ကမ္ဘာ့ကလေးများနေ့)အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမတွင်ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ကလေးသူငယ်များနှင့်မိဘများ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။
ရှေးဦးစွာ မော်လမြိုင်လူငယ်သင်တန်းကျောင်းမှ ကျောင်းသားများက စည်းလုံးခြင်းအတွက် သီချင်းလေးတစ်ပုဒ်" ဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အနေဖြင့် ပြည်နယ်/ခရိုင်နှင့် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီများကို အဆင့်ဆင့်ဖွဲ့စည်းခဲ့ပြီး ကလေးသူငယ်အခွင့်အရေးများအတွက် သက်ဆိုင်ရာဌာနအဖွဲ့အစည်းနှင့် လက်တွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ မွန်ပြည်နယ်အတွင်းရှိကလေးသူငယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုနှင့် ရပိုင်ခွင့်ရှိတဲ့အခွင့်အရေးများ အပြည့်အဝရရှိပြီး အနာဂတ်ဘဝများ လှပနိုင်ဖို့အတွက် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များအပါအဝင် ကလေးသူငယ်များ၏ အရေးကိစ္စကို ဆောင်ရွက်နေကြသည့်ဌာန၊ အဖွဲ့အစည်းတိုင်းက တာဝန်ရှိသူများအားလုံး လက်တွဲပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားပြီး ကမ္ဘာ့ကလေးများနေ့အထိမ်းအမှတ် Video Clip ကို ပြသခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် အမှတ်(၁)၊ အမှတ်(၂)နှင့် အမှတ်(၃) မူလတန်းကြိုကျောင်းများမှ သားငယ်၊ သမီးငယ်လေးများ၏ “ဗွေးဒုတ်”၊ “ မွန်တို့ဌာနေ ရာမည ” နှင့် “ဘွန္တော”သီချင်းတို့ဖြင့်လည်းကောင်း၊ ပုဂ္ဂလိကမူကြို၊ ကိုယ့်အားကိုယ်ကိုးမူကြို၊ ကလေးပြုစုရေးဌာန မူကြိုကျောင်းမှ သားငယ်သမီးငယ်လေးများ၏ တေးသရုပ်ဖော် အကအလှတို့ဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်နေမှုများကို ကြည့်ရှုအားပေးပြီး သားငယ်၊ သမီးငယ်လေးများအား အမှတ်တရလက်ဆောင်များပေးအပ်ကာ သားငယ်သမီးငယ်လေးများကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)