လမ်းမတော် အောက်တိုဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် မဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်း ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ်(၁)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ သည်။
အစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမြင့်အောင်က ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ဖွင့်လှစ် ရေးအတွက် တက်ရောက်လာကြသူ အားလုံးမှ ပူးပေါင်းဆောင်ရွက်ကြရန်၊ သင်တန်းကို အောက်တို ဘာလ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့တို့တွင် ဖွင့်လှစ်သွား မည်ဖြစ်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကာကွယ်ရေး နည်လမ်းများနှင့်အညီ ဖွင့်လှစ်သွား မည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ(၇၀)ဦးအား အခန်းများခွဲကာ နံနက် ၉ နာရီမှ ညနေ(၄)နာရီ အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး တက်ရောက်လာကြသော ကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်များက သင်တန်း ဖွင့်လှစ်မှုနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။
လမ်းမတော်မြို့နယ်တွင် ရပ်ကွက်(၁၃)ရပ်ကွက်ရှိပြီး မဲရုံ(၂၂)ရုံ၊ မဲဆန္ဒရှင်ဦးရေ(၃၁၈၇၄)ဦးရှိကြောင်း သိရှိရသည်။
ကျော်ဆန်းမြင့် လမ်းမတော်(ပြန်/ဆက်)