တိုက်ကြီး အောက်တိုဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူး နှင့် မဲရုံအဖွဲ့ဝင်သင်တန်းများကို အောက်တိုဘာလ ၁၉ ရက်နေ့မှ အောက်တိုဘာလ ၂၂ ရက်နေ့အထိ တိုက်ကြီး၊ ဥက္ကံမြို့တို့တွင် တစ်ပြိုင်နက်တည်း ဖွင့်လှစ်ပြီးစီးခဲ့ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။
အဆိုပါ မဲရုံမှူး၊ ဒုမဲရုံမှူး နှင့် မဲရုံအဖွဲ့ဝင် သင်တန်းကို ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တိုက်ကြီးမြို့နယ်အတွင်းရှိ မဲရုံမှူး ၊ ဒုမဲရုံမှူး နှင့် မဲရုံအဖွဲ့ဝင် တာဝန်ထမ်းဆောင်မည့် ပညာရေးဌာနမှ ဆရာ ဆရာမများ၊ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ စုစုပေါင်း (၇၁၇)ဦး တက်ရောက် ခဲ့ကြသည်။ သင်တန်းနည်းပြများအဖြစ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ နှင့် မြို့နယ်ပညာရေး ဌာနမှ တာဝန်ရှိသူများက မဲရုံအတွင်း ဝင်ရောက်ခွင့်ရှိသူများ ရွေးကောက် ပွဲဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များ၊ မဲရုံတည်နေရာ အခင်းအကျင်း ကြိုတင်ပြင်ဆင်မှုများ၊ ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေး စံသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေး၊ မသန်စွမ်းသူများ အကူအညီလိုအပ်သူ မဲဆန္ဒရှင်များ မဲပေးခြင်း နှင့် မဲရုံမှူး၊ ဒုမဲရုံမှူး နှင့် မဲရုံအဖွဲ့ဝင်များ၏ ဆောင်ရန်ရှောင်ရန် အချက်များကို ဆွေးနွေးပို့ချပေးခဲ့ကြောင်း သိရသည်။
တိုက်ကြီးမြို့နယ်တွင် မဲရုံ(၂၁၆)ရုံ ရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း (၂၁၂၅၇၂)ဦး ရှိကြောင်း၊ သင်တန်းများကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)