ပျဉ်းမနားမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ပဉ္စမအကြိမ်အရင်းအတိုးပြန်လည် ထုတ်ချေးပေး

ပျဉ်းမနား  အောက်တိုဘာ ၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန က အကောင်အထည်ဖော်ဆောင်ရွက်သည့် မြစိမ်းရောင်စီမံကိန်း ပဉ္စမအကြိမ်အရင်းအတိုး ထုတ်ချေးခြင်းကို မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဦးစီးမှူး ဦးဝင်းဇော်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ အောက်တိုဘာ ၁၈ရက်နေ့မှ ၂၂ရက်နေ့ထိ မြို့နယ်အတွင်းရှိ မြစိမ်းရောင်စီမံကိန်း ကျေးရွာ (၅)ရွာ၌ ပြန်လည်ထုတ်ချေးပေးသည်။

အဆိုပါစီမံကိန်းကျေးရွာများမှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် ပျဉ်းမနားမြို့နယ်အတွင်းမှ ကူးတို့ဆိပ်ကျေးရွာအုပ်စု၊ ကံဦးကျေးရွာ၊ နတ်သူရဲအုပ်စု၊ ကြံဖိုကျေးရွာ၊ ပန်းပဲစုကျေးရွာ၊ သနပ်ပ္ပင်ဆိပ်အုပ်စု သနပ္ပင်ဆိပ်အရှေ့ကျေးရွာနှင့် သနပ္ပင်ဆိပ်အနောက်ကျေးရွာ စုစုပေါင်း  ကျေးရွာ(၅)ရွာတို့မှ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ(၂၂၄)ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၃၅၄)ဦး၊ အရောင်းအဝယ် လုပ်ကိုင်သူ (၁၇၄)ဦးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ (၂)ဦး၊ စုစုပေါင်း အသင်းသား(၇၅၄)ဦး တို့အား ငွေကျပ်(၁၃၅၁)သိန်းအား ငွေ(၁၀၀) ကျပ်လျှင် အတိုးနှုန်းပြား ၅၀ ဖြင့် ထုတ်ချေးကြောင်း သိရသည်။

ထိုသို့ မြစိမ်းရောင်စီမံကိန်း ပဉ္စမအကြိမ်အရင်းအတိုးထုတ်ချေးရာတွင် ပျဉ်းမနားမြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကျေးရွာကော်မတီဝင်များက မြစိမ်းရောင်စီမံကိန်းမှ ချေးငွေ ထုတ်ချေးမည့် အသင်းသားများကို အသံချဲ့စက်ဖြင့် အလှည့်ကျခေါ်ယူ၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် မှုများအနေဖြင့် လက်ဆေးခြင်း၊ နှာခေါင်းစည်းတပ်ခြင်းနှင့် စနစ်တကျ တန်းစီစေပြီး ကျေးရွာ ကော်မတီဝင်များနှင့် ငွေထုတ်ပေးမည့်သူများကိုလည်း လက်အိပ်နှင့် နှာခေါင်းစည်းများတပ်၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ထုတ်ချေးခဲ့ကြောင်း သိရသည်။

စိုးမိုး(ပြန်/ဆက်)