လွိုင်လင်မြို့တွင်တည်ထားကိုးကွယ်သည့် အနန္တဇိနလောကချမ်းသာစေတီတော် ရွှေထီးတော် အထွဋ်တင်လှူပွဲ၊ ဗုဒ္ဓဘိသေကအနေကဇာတင်ခြင်းနှင့် မဟာသုခသမပ္ပိတကျောင်းလွှတ်ပူ‌ဇာ အလှူတော်မင်္ဂလာကျင်းပ

လွိုင်လင် နိုဝင်ဘာ ၂၀

ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်မြို့၊ မဟာထူပါရုံတောရကျောင်း၊ အောင်တော်မူတောင်တော်ပေါ်တွင် တည်ထားကိုးကွယ်သည့် အနန္တဇိနလောကချမ်းသာစေတီတော် မြတ်ကြီးရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော် အထွဋ်တင်လှူပွဲ၊ ဗုဒ္ဓဘိသေကအနေကဇာတင်ခြင်းနှင့် မဟာသုခသမပ္ပိတကျောင်းတော် ရေစက်ချ ကျောင်းလွှတ်ပူဇာအလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါစေတီတော်တွင် ကျင်းပရာ သာသနာ့အာဇာနည် တိပိဋကဓရ တိပိဋကကောဝိဒ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရီက ဆရာတော်ကြီး ကိုးပါးအပါအဝင် ပင့်သံဃာစုစုပေါင်း (၁၀၈) ပါး ကြွရောက်ချီးမြှင့်တော်မူသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပါသည်။ ထို့နောက် မန္တလေးသိန်းဇော်က ဓမ္မပူဇာအဖွဲ့နှင့်တွဲဖက်၍ ထူးမခြားနားရောင်ခြည်တော်ဘွဲ့ကို သီဆိုပြီးနောက် လွိုင်လင်မြို့ ဓာတ်တော်ကျောင်းတိုက် နိုင်ငံတော်ဩဝါဒစရိယဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဒေါက်တာပညာနန္ဒနှင့် တိပိဋကဓရ တိပိဋကကောဝိဒ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရီက ဆရာတော်ကြီးများအား ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်များကို လွိုင်လင်မြို့စေတီတော်ဖြစ်မြောက်ရေးကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်နှင့်ဇနီး  ဒေါ်ခင်လှိုင်းဝေ၊ ရန်ကုန်မြို့နေ ဘုရားကျောင်းဒါယကာ ဦးတင်ရွှေ နှင့်ဇနီး အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဒေါ်နန်းသက်စုလှိုင်ထွန်းနှင့် သားသမီးများက ဆက်ကပ်လှူဒါန်းကြ သည်။ ထို့နောက် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်များကို ဒေဝါဝင်း၊ ရာဇာဝင်း၊ ရတနာဝင်း၊ ပုဂံဝင်းများခင်း၍ ဘုရားဒါယကာ၊ ဒါယိကာမ ဆွေတော်မျိုးတော်များနှင့် စေတီတော်ဖြစ်မြောက်ရေးကော်မတီအဖွဲ့များ သတ်မှတ်အစီအစဉ်အတိုင်းက ပင့်ဆောင်ကာ စေတီတော်မြတ်ကြီးအား လက်ယာရစ်သုံးကြိမ်ပူဇော်ပြီးနောက် ထီးတော်အထွဋ်တင်လှူမည့် ရွှေသမင်ထီးတော်တင်ယာဉ်အနီး ယာယီမဏ္ဍပ်တွင် စံထားကြသည်။ ယင်းနောက် ပင့်ဖိတ်ထားသော သံဃာတော် (၁၀၈) ပါးအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် မင်္ဂလာအချိန်ဖြစ်သည့် နံနက် (၁၀ နာရီ ၄၉ မိနစ်) တိတိတွင် ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော်များကို စေတီတော်အထွဋ်သို့ အစီအစဉ်များအတိုင်း တင်လှူပူဇော်ကြသည်။ ရွှေထီးတော်များတင်လှူပူဇော်နေစဉ် ဆရာတော်သံဃာတော်များက‌ အောင်ဂါထာများကို လည်း‌ကောင်း၊ မန္တလေးသိန်းဇော် ဓမ္မပူဇာတေးအဖွဲ့က ဓမ္မတေးသီချင်းများဖြင့်လည်းကောင်း သီဆိုကြသည်။ ဆက်လက်၍ ရတနာစိန်ဖူးတော်တင်လှူပြီးချိန်တွင် ဆရာတော်များနှင့် ပရိတ်သတ်အပေါင်းတို့က အောင်ပြီ အောင်ပြီ အောင်ပြီဟူ၍ သီကျူးကြပြီးနောက် သံဃာတော် (၁၀၈)ပါးတို့ ဗုဒ္ဓဘိသေကအနေကဇာတင်ခြင်းမင်္ဂလာပြုလုပ်ကြသည်။ ဆက်လက်၍ အခမ်းအနားအစီအစဉ်အရ ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော် အထွဋ်တင် လှူခြင်း၊ ဗုဒ္ဓဘိသေကအနေကဇာတင်ခြင်းနှင့် မဟာသုခသမပ္ပိတ‌ကျောင်းတော် လှူဒါန်းမှုအစုစုတို့အတွက် တရားနာရေစက်ချမင်္ဂလာကို သတ်မှတ်အစီအစဉ်အတိုင်းကျင်းပရာ ရှေးဦးစွာ ရတနာမြတ်သုံးပါးကို ကန်တော့ပြီး လွိုင်လင်မြို့ ဓာတ်တော်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ‌ဒေါက်တာပညာနန္ဒထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး ဆရာတော်သံဃာတော်များက မေတ္တာသုတ်ပရိတ်တရားတော်များ ချီးမြှင့်ပေးကြသည်။ ဆက်လက်၍ ပင့်သံဃာ (၁၀၈) ပါး တို့အားလှူဖွယ်ပစ္စည်းများ နဝကမ္မများ ဆက်ကပ်လှူဒါန်းပြီးနောက် တောင်ကြီးမြို့ သိမ်တောင် ပရိယတ္တိစာသင်တိုက်၊ ပြည်နယ်သံဃနာယက ဥက္ကဌ ဆရာတော်ကြီး အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတဘဒ္ဒန္တတေဇဝန္တက အနုမောဒနာတရားနှင့် လှူဒါန်းမှုအစုစုတို့အတွက် တရားနာရေစက် ချခြင်းများဆောင်ရွက်ပြီးနောက် အခမ်းအနားကို ဆရာတော်သံဃာတော်များနှင့် တရားနာဧည့်ပရိတ်သတ်များက ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။ အခမ်းအနားအပြီးတွင် နိုင်ငံကျော် မန္တလေးသိန်းဇော်ဓမ္မပူဇာအဖွဲ့က အောင်စေ ပိုင်စေသီချင်းသီဆိုပြီးနောက် အလှူရှင်မိသားစုများက မင်္ဂလာရွှေမိုး၊ ငွေမိုးများရွာသွန်းဖြိုးပေးခဲ့ကြောင်းသိရပါသည်။

လွိုင်လင်မိုး ( ခရိုင်ပြန်/ဆက်)