ပျဉ်းမနား အောက်တိုဘာ ၁၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း၌ တိုးချဲ့တည်ဆောက်လျက်ရှိသည့် Kg + 12 စာသင်ဆောင်နှင့် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်းစာသင်ဆောင်များ တည်ဆောက်နေမှုအခြေအနေများအား နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်နှင့် တာဝန်ရှိသူများက ယမန်နေ့မွန်းလွဲပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်နှင့်တာဝန်ရှိသူများသည် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း၌ တိုးချဲ့တည်ဆောက်လျက်ရှိသည့် ကျောင်းဆောင်သစ် ၁၄၀ပေ × ၃၀ပေ RCC ၂ ထပ် Kg + 12 စာသင်ဆောင်နှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းစာသင်ဆောင် ၁၁၄ပေ × ၃၂ ပေ RCC ၂ ထပ် ကျောင်းဆောင်သစ်များ တည်ဆောက်နေမှုနှင့် တည်ဆောက်ပြီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်နေသည့်အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြသည်။ ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်က လက်ရှိဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းများကို သတ်မှတ်နှုန်းထားများအလိုက် အရည်အသွေးပြည့်မီအောင် ဆောင်ရွက်သွားစေရေးနှင့် လုပ်ငန်းများကိုအချိန်မီပြီးစီးစေရေးတွက် လမ်းညွှန်မှာကြားခဲ့ပြီး တိုးချဲ့ဆောက်လုပ်နေသည့် ကျောင်းဆောင်သစ်များအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်းသိရသည်။
မျိုးသီဟ(ပြန်/ဆက်)