ရန်ကုန် နိုဝင်ဘာ ၁၈
ပြန်ကြားရေးဝန်ကြီးဌာန (ရန်ကုန်မိသားစု)စုပေါင်းလှူဒါန်းသည့် “(၂၃)ကြိမ်မြောက်ဘုံကထိန်သင်္ကန်းကပ်လှူပွဲ” အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ဗဟန်းမြို့နယ်၊ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်အနီးရှိ ပြန်ကြားရေးဝန်ကြီးဌာန ဓမ္မာရုံ၌ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပြီး နန်းဦးပရဟိတ ကျောင်းတိုက်ဆရာတော် ဘန္ဒတဦးဇောတိကထံမှ အခမ်းအနားတက်ရောက်လာကြသူများက ငါးပါး သီလခံယူဆောက်တည်ကြသည်။
ဆက်လက်၍ ပြန်ကြားရေးဝန်ကြီးဌာန (ရန်ကုန်မိသားစု)၏ လှူဒါန်းမှုအစုစုနှင့် ပတ်သက်၍ တာဝန်ရှိသူက လျှောက်ထားပြီး ဆရာတော်ဦးဇောတိကနှင့် သံဃာတော်များထံ ပြန်ကြားရေးဝန်ကြီးဌာန(ရန်ကုန်မိသားစု)များက ဘုံကထိန်သင်္ကန်နှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ် လှူဒါန်းကြသည်။
ယင်းနောက် ဆရာတော်နှင့်သံဃာတော်များက မေတ္တာသုတ်၊ ပရိတ်တရားတော်များရွတ်ဖတ်ကြသည်။
ဆက်လက်၍ နန်းဦးကျောင်းတိုက်ပရဟိတဆရာတော်ဘန္ဒတ ဦးဇောတိကမှ ကထိန်သင်္ကန်း လှူဒါန်းရခြင်း အကျိုးတရားတော်ကို ဟောကြားပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်ချ တရားတော်ချီးမြှင့်ပေးကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ သည်။
ထို့နောက် ဆရာတော်၊ သံဃာတော်များကို ပြန်ကြားရေးဝန်ကြီးဌာန (ရန်ကုန်မိသားစု)များက နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့သည်။
ယနေ့ ပြန်ကြားရေးဝန်ကြီးဌာန(ရန်ကုန်မိသားစု) စုပေါင်းလှူဒါန်းသည့် “(၂၃)ကြိမ်မြောက် ဘုံကထိန်သင်္ကန်း ဆပ်ကပ်လှူဒန်းပွဲတွင် စုပေါင်းလှူဒါန်းခဲ့သည့် တန်ဖိုးမှာငွေကျပ်သိန်း(၃၀) လေးသောင်းကိုးရာဖြစ်ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)