နေပြည်တော်ကောင်စီအဖွဲ့ဝင်များ ဒက္ခိဏသီရိမြို့နယ်တွင် မိုးစပါးစံကွက် ရိတ်သိမ်းပွဲ တက်ရောက်

နေပြည်တော် နိုဝင်ဘာ ၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် မိုးစပါးစံကွက် ရိတ်သိမ်းပွဲကို ယမန်နေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ ရွာမကျေးရွာ၊ နယူးဧရာ မိုးစပါးစိုက်ခင်း ရှင်းလင်းဆောင်၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးဇေယျာလင်း၊ ဦးမြင့်စိုးနှင့် ဦးအောင်ခိုင်ဆွေ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တောင်သူများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက အဖွင့်အမှာစကားပြောကြားရာတွင် စိုက်ပျိုးရေး လုပ်ငန်းဆောင်ရွက်ရာတွင် ရည်မှုန်းချက်ပန်းတိုင်အထွက်နှုန်းများ ရရှိစေရေးအတွက် (မျိုး၊ မြေ၊ ရေ၊ နည်း) ဟူသည့် နည်းလမ်းလေးရပ်ကို လစ်ဟာမှုမရှိအောင် စီမံဆောင်ရွက်ပြီး ကြိုးစားဆောင်ရွက်ရမှာဖြစ်ကြောင်း၊ စားရေရိက္ခာဖူလုံရေးအတွက် အဓိကကျသည့် သီးနှံများကို အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးထုတ်လုပ်ပြီး ဒေသတွင်း ဆန်လုံလောက်မှုရှိစေရေး၊ ဒေသတွင်းစားသုံးဆီ ဖူလုံစေရေးအတွက် အလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ လယ်ယာကဏ္ဍကို အပြည့်အဝ အကောင်အထည်ဖော်နိုင်မှသာ ဒေသတွင်းစားရေရိက္ခာဖူလုံပြီး ပြည်ပသို့ တင်သွင်းနိုင်သည့် ထုတ်ကုန်များဖြစ်အောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ စားရေးရိက္ခာဖူလုံရေးတို့အတွက် ဌာနဆိုင်ရာများနှင့် တောင်သူများပူးပေါင်း ပြီး အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်များသည် တာဝန်ရှိသူများ၊ တောင်သူများနှင့်အတူ ရွာမကျေးရွာ နယူးဧရာ မိုးစပါးစိုက်ခင်းတွင် မိုးစပါးစံကွက် ရိတ်သိမ်းခြင်း၊ စပါးချိန်တွယ်ခြင်းများကို ကြည့်ရှုအားပေးသည်။

ယနေ့ ဒက္ခိဏသီရိမြို့နယ်၊ ရွာမကျေးရွာ၊ နယူးဧရာ မိုးစပါးစိုက်ခင်းတွင် နယူးဧရာ(၁)စပါးမျိုးကို ရိတ်သိမ်းရာ တစ်ဧကလျှင်  ၁၄၇ ဒသမ ၅၀ တင်းနှုန်းထွက်ရှိကြောင်း သိရသည်။

ထို့နောက် မိုးစပါးရိတ်သိမ်းပွဲသို့ တက်ရောက်လာကြသည့် တောင်သူများအား စားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် တစ်ဦးလျှင် တစ်ပိဿာနှုန်း ရောင်းချပေးခဲ့ကြောင်းသိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)