အသက် ၂၅ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

တွံတေး နိုဝင်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ အချိန်က မြို့မဘောလုံးအားကစားကွင်း၌ ကျင်းပပြုလုပ်သည်။

ဗိုလ်လုပွဲကို ယနေ့ နံနက် ၈ နာရီက မြို့မဘောလုံးကွင်း၌ ကျင်းပရာ ကော့မှူးမြို့နယ်အသင်းနှင့် တွံတေးမြို့နယ်အသင်းတို့ ယှဥ်ပြိုင်ကစားကြရာ ကော့မှူးမြို့နယ်အသင်းက တွံတေးမြို့နယ်အသင်းကို (၂ဂိုး၁ဂိုး)ဖြင့် အနိုင်ရရှိခဲ့ပြီး ဆုပေးပွဲကို ကျင်းပရာ ပွဲစဥ်တစ်လျှောက် နေရာအလိုက် ဆုရရှိသော အကောင်းဆုံး ဂိုးသမားဆုကို ထက်မြတ်စိုးလှိုင် (ကော့မှူးမြို့နယ်)၊ နောက်တန်းဆု ကိုရဲမျိုးထက် (တွံတေးမြို့နယ်)၊ အလယ်တန်းဆုကို အောင်ကိုဦး (ကော့မှူးမြို့နယ်)၊ ရှေ့တန်းဆုကို ဟိန်းထက်ဇော် (ကော့မှူးမြို့နယ်)တို့ကလည်းကောင်း ရရှိပြီး တာဝန်ရှိသူအသီးသီးက ဆုတံဆိပ်နှင့် ငွေသားဆုများအားလည်းကောင်း၊ ဒုတိယဆုရရှိသည့် တွံတေးမြို့နယ်အသင်းအား တွံတေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး  ဒုတိယ ရဲမှူးကြီး မျိုးသန့်က ဆုတံဆိပ်နှင့် ငွေသားဆု၃ သိန်းအားလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကာ ပထမဆု ရရှိသည့် ကော့မှူးမြို့နယ်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး သန့်စင်ကလည်းကောင်း၊ တံခွန်စိုက် ဆုဖလားနှင့် ငွေသားဆု (၅)သိန်းအား တွံတေးခရိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထင်ကျော်က ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဘောလုံးပွဲစဥ်တစ်လျှောက် ဒိုင်လူကြီးများအား ဂုဏ်ပြုလက်ဆောင် ပေးအပ်ပြီး ပထမ ၊ ဒုတိယ ရရှိသော ဘောလုံးအသင်းများနှင့် တာဝန်ရှိသူများ မှတ်တမ်းဓာတ်ပုံ ရိုက်ကူးကြကြောင်း သိရသည်။

အဆိုပါ အသက် ၂၅ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို တွံ​တေးခရိုင်အတွင်းရှိ တွံတေး၊ ဒလ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်တို့ ဘောလုံးအားကစားဝါသနာရှင် လူငယ်များမှ ပါဝင်ကစားခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အားကစားဝါသနာရှင် ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တွံတေးသား